ဆော်ဒီအိမ်ရှေ့မင်းသားက သတင်းထောက် Jamal Khashoggi ကိုသတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ကောက်ချက်ချခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ သောကြာနေ့တုန်းက ဝါရှင်တန်ပို့စ်သတင်းစာက ပထမဆုံးထုတ်ဝေတဲ့ CIA ရဲ့ အကဲဖြတ်ချက်ဟာ ဆော်ဒီအာရေဗျနိုင်ငံဘက်က ပြောတာနဲ့တော့ ဆန့်ကျင်ကွဲလွဲနေပါတယ်။ ဆော်ဒီအစိုးရရှေ့နေက ဒီအမှုဟာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ဘယ်လိုမှာ ပတ်သက်ခြင်းမရှိဘူးလို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
ဆော်ဒီထောက်လှမ်းရေးတွေဟာ ဆော်ဒီအစိုးရပိုင်လေယာဉ် နဲ့ အစ္စတန်ဘူလ်မြို့ကိုသွားရောက်ခဲ့ပြီး Khashoggi ကို ဆော်ဒီကောင်စစ်ဝန် ရုံးအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ CIA က ကောက်ချက်ချခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါရှင်တန်ပို့စ်သတင်းထောက် ခါရှိုဂျီဟာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဝေဖန်သူဖြစ်ပြီး သူဟာ တူရကီအမျိုးသမီးကို လက်ထပ်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ယူဖို့ကြိုးစားစဉ် အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ခံရတာပါ။ CIA က ဆော်ဒီအိမ်ရှေ့ မင်းသားနဲ့ ညီအစ်ကိုတော်စပ်သူ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် Khalid bin Salman နဲ့ ခါရှိုဂျီတို့ ဖုန်းပြောတာအပါအဝင် သူတို့ရဲ့ ထောက်လှမ်းရေးအရင်းအမြစ်တွေကို အခြေခံပြီး ကောက်ချက်ချခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။ သူတို့ ၂ ယောက် ဖုန်းပြောကြစဉ်မှာ ခါလစ်က ခါရှိုဂျီကို လိုအပ်တဲ့စာရွက်စာတမ်းတွေကို အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန် ရုံးမှာ သွားယူတာက ဘေးကင်းလုံခြုံမှုရှိတယ်လို့ ပြောခဲ့ကြောင်း၊ ဒါပေမဲ့ ခါရှိုဂျီအသတ်ခံရမယ်ဆိုတာကို ခါလစ် သိ၊ မသိဆိုတာတော့ မသိဘူးလို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။ ခါလစ်ကတော့ သူ့အနေနဲ့ ခါရှိုဂျီနဲ့ စကားမပြောခဲ့ဘူးလို့ တွစ်တာကနေ ငြင်းဆိုလိုက်ပါတယ်။ ဆော်ဒီဘက်ကတော့ ခါရှိုဂျီ သေဆုံးမှုဟာ မတော်တဆဖြစ်တယ်လို့ ပြောကြားလိုက်ပြီး တူရကီကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိသတ်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။