သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ်ပြီး အိန္ဒိယမှာ ဆေးသွားကုသူ များပြား


စစ်ကိုင်းနဲ့ အိန္ဒိယဘက်ခြမ်း Moreh နယ်စပ်။
စစ်ကိုင်းနဲ့ အိန္ဒိယဘက်ခြမ်း Moreh နယ်စပ်။

မြန်မာနဲ့အိန္ဒိယနိုင်ငံတို့အကြား ကုန်းတွင်းနယ်စပ်ကိုဖြတ်ပြီး အပြန်အလှန်သွားလာခွင့်ဆိုင်ရာ သဘောတူူညီချက်တရပ်ကို သြဂုတ်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီးကတည်းဆိုရင် အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ဆေးသွားကုတဲ့ မြန်မာနိုင်ငံသား အရေအတွက် ပိုများလာတယ်လို့ အိန္ဒိယ The Hindu Businessline အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့နယ်စပ် အိန္ဒိယဘက်ခြမ်း Moreh မြို့ကနေတဆင့် Imphal မြို့က Shijal ဆေးရုံထိသွားပြီး နှလုံး ခွဲစိတ် ကုသတာ၊ ကျောက်ကပ်၊ အသည်းနဲ့ မျက်ကြည်လွှာ အစားထိုးကုသသူ လူနာ အယောက် ၂၀ အပါအဝင် မြန်မာနိုင်ငံသား လူနာ ၁၃၀ နီးပါး ဆေးသွားကုကြတယ်လို့ သတင်းကဆိုပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့အထိဆိုရင် မဏိပူရ်ပြည်နယ်ကို ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် ခန့်မှန်းခြေ ၉၂၅ ယောက်ရှိပြီး အများစုဟာ ဆေးကုသခွင့်ဗီဇာနဲ့ လာကြတာလို့ အိန္ဒိယနယ်စပ်တာဝန်ရှိသူတွေက ပြောပါတယ်။ အလည်အပတ် ဗီဇာနဲ့ လာသူတွေဟာလည်း Imphal က ဆေးရုံတွေမှာ ပြင်ပလူနာတွေအဖြစ် ကုသမှု ခံယူကြတယ်လို့ဆိုပါတယ်။

ဒါပေမဲ့လည်း မဏိပူရ်ပြည်နယ်ဟာ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင်ပုန်ကန်တဲ့အဖွဲ့ အများအပြားရှိတဲ့ဒေသဖြစ်တာ ကြောင့် Moreh နဲ့ Imphal ကြားမှာ နယ်စပ်စစ်ဆေးရေးဂိတ် သုံးခုထက်မနည်း ချထားပြီး ဝင်ရောက်လာသူတွေကို အိန္ဒိယလုံခြုံ ရေးတပ်ဖွဲ့တွေက တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးတာတွေလုပ်ပါတယ်။ အဲဒီဂိတ်တွေမှာ ရှာဖွေစစ်ဆေးတဲ့ အဆင့်မြင့်ပစ္စည်း ကိရိယာတွေမရှိတာကြောင့် အများဆုံးသုံးတဲ့နည်းက ခန္ဓာကိုယ်ကို လက်နဲ့ ရှာဖွေတဲ့နည်းပါ။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကလာတဲ့ အပြင်းအထန် နာမကျန်းဖြစ်နေသူတွေအပါအဝင် ဧည့်သည်တွေကို မဖွယ်မရာ ပြုမူဆက်ဆံတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က နှစ်ဘက်တာဝန်ရှိသူတွေ တမူးမြို့မှာ တွေ့ဆုံဆွေးနွေးကြချိန်အတွင်း မြန်မာအာဏာပိုင်တွေဘက်က စွပ်စွဲပြောဆိုခဲ့တယ်လို့ Imphal က နောက်ဆေးရုံတခုကပြောတာကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG