အမေရိကန်နဲ့ တရုတ်တို့ကြား အဆင့်မြင့် ဆက်ဆံရေး တိုးတက်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe ကို ပြောကြားခဲ့ပါတယ်။
အာဆီယံ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ညီလာခံကျင်းပနေတဲ့ စင်္ကာပူနိုင်ငံမှာ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ စစ်ဘက် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ၂ ဦး သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံမှုအပြီးမှာတော့ ၂ နိုင်ငံကြား သဘောတူညီချက်အသစ် တစုံတရာ မရရှိခဲ့ပေမဲ့၊ တရုတ်နိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တည်ငြိမ်မှု ရလာနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။
၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ပြဿနာ၊ ရုရှားဆီက လက်နက်ဝယ်ယူနေတဲ့ တရုတ်စစ်တပ်ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်တာနဲ့ တောင်တရုတ် ပင်လယ်ပြင်တွင်း တရုတ်ဘက်က စစ်စခန်းတည်ဆောက်တာ တွေကြောင့် မကြာသေးခင် သီတင်းပတ်တွေအတွင်း မှာ အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး ကျဆင်းလာနေတာဖြစ်ပါတယ်။
မျှော်လင့်ထားတာထက် အချိန်ပိုကြာပြီး တနာရီခွဲလောက် တွေ့ဆုံမှုအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးကတော့ ၂ နိုင်ငံကြား ဆက်ဆံရေးမှာ တည်ငြိမ်မှုရစေမယ့် ရေရှည်ဆက်ဆံရေးမျိုး လိုလားတဲ့အကြောင်း ထပ်မံပြောဆိုခဲ့တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ Randall Schriver ကပြောပါတယ်။
ဝန်ကြီး Mattis ဟာ လွန်ခဲ့တဲ့ သိပ်မကြာခင် သီတင်းပတ်တွေ အတွင်းက ဘေဂျင်းမြို့တော်မှာ တရုတ်ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးက မအားတဲ့အကြောင်း တုံ့ပြန်ခဲ့တဲ့အတွက် ၂ ဘက်အကြား ဆက်ဆံရေး မပြေလည်တဲ့ လက္ခဏာတခု အဖြစ်နဲ့လည်း တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။