မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း စံချိန်တင်မြင့်တက်ပြီး မြန်မာကျပ်ငွေ ထိုးကျတဲ့ အတွက် နေတဲ့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒေါ်လာတွေ သန်းနဲ့ချီထုတ်ရောင်းပြီး ဈေးကို ထိန်းညှိ့နိုင်ဖို့ ကြိုးစားနေပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာညွှန်းကိန်းတက်တာရဲ့ ရိုက်ခတ်မှုဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် မခိုင်မာမှုကြောင့် တခြားနိုင်ငံတွေထက် ပိုပြီး အထိနာတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ကိုထက်အောင်ခန့်က သတင်းပေးပို့ပါတယ်။
အမေရိကန်ဒေါ်လာ လဲနှုန်းဟာ တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၃၀ ကျော် အထိ စံချိန်တင်မြင့်တက်နေဆဲဖြစ် ပါတယ်။ ကမ္ဘာ့ငွေကြေး ဈေးကွက်ရဲ့ ရိုက်ခတ်မှု ဆိုပေမဲ့လည်း တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံက ပိုပြီးအထိနာတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။
"ကျနော်တို့ စီးပွားရေးစနစ် ငွေရေးကြေးရေးစနစ်တွေနဲ့ဆိုင်တယ်။ ဆိုတော့ ဒီမှာက တရားဝင်စီးပွားရေးရှိတယ်၊ တရားမဝင် မှတ်တမ်းမတင်တဲ့ စီးပွားရေးရှိတယ် ။ ငွေရေးကြေးရေး မှာဆိုရင် နိုင်ငံခြားကို ဟွန်ဒီဆိုတဲ့ ဝင်ငွေလွဲတဲ့လုပ်ငန်းတွေရှိတယ် အဲဒီလို ဈေးကွက်တွေရှိတယ်။ အဲဒီဈေးကွက်တွေကြားထဲမှာလဲ အဖြူအမဲကြားထဲမှာ ရောနေတဲ့ဟာတွေလည်း ရှိသေးတယ်။ အဲဒီတော့ အချုပ်ပြောရင်တော့ ကျနော်တို့ ဈေးကွက်ရဲ့ အားမတောင့်သေးလို့ မတည်ငြိမ်မရေရာတဲ့အခြေအနေတွေရှိနေတယ်။ ဒီကြားထဲမှာ ငွေဈေးကစားတဲ့လူလည်း ရှိမယ် လက်ထဲမှာ မြန်မာငွေကိုင်ထားရင် ဈေးကျမယ်ဆိုတော့ ဒေါ်လာဝယ်ထားတဲ့လူတွေ ၊ တချို့ကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဝင်ကစားတာ ရှိကောင်းရှိမယ်လို့ သုံးသပ်တယ်။"
စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ မြန်မာ့စီးပွားရေးမှာ ရေရှည်အတွက် ပြုပြင်ရမယ့် အချက်တွေ ရှိနေတယ်လို့ အခုလို ထောက်ပြပါတယ်။
"တောက်လောျက် ပို့ကုန်ထက် သွင်းကုန်တွေကပိုပြီးတော့များတယ်။ သွင်းကုန်တွေက ကုန်ကျမ်းတွေရော စက်ပစ္စည်းတွေရော စားသုံးကုန်တွေရော အဲဒါတွေများနေတယ်။ နောက်နိုင်ငံခြားမှာအလုပ်အလုပ်နေတဲ့ လူအတော်များများ ပို့တဲ့လူတွေက အခုထိုင်းမှာလုပ်တဲ့လူတွေက ပြန်လာတော့ အဲဒီငွေတွေ။ နောက်ပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက မကြာခင်ကာလတွေတုန်းက လျော့နည်းတာကိုတွေ့ရတယ်။ ဒီအခြေခံ ၃ ခုကို မပြင်နိုင်ရတော့ ရေရှည်မှာလည်း အခုလိုတွေ့ရဦးမှာပဲ။ ဒါတွေကလည်း ရေရှည်လုပ်ရမယ့် ကိစ္စတွေပါ။"
နိုင်ငံခြားငွေရောင်းဝယ်တဲ့အခါ ဗဟိုဘဏ်နှုန်းထားရဲ့ ဝ.၈ ရာခိုင်နှုန်းအထိသာ အလျှော့အတင်းဈေးကစားခွင့် ပြုထားတဲ့ ကန့်သတ်မှတ်ချက်ကို ဒီသီတင်းပတ်ထဲမှာ ဗဟိုဘဏ်က ပယ်ဖျက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ တရက်ကို ဒေါ်လာ တစ်သိန်းပဲ ထုတ်ရောင်းခဲ့ရာကနေ အခု သန်းနဲ့ချီပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ရောင်နေ့ပါတယ်။ ဒီဖြေရှင်းနည်းဟာ ရေတိုဖြေရှင်းနည်းဖြစ်ပြီး ထိရောက်မှု မရှိဘူးလို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ရှု့မြင်ပါတယ်။
"ဗဟိုဘဏ်က လုပ်တဲ့နည်းကတော့ ဈေးကွက်ရဲ့အခြေအနေနဲ့ နီးပါးရောင်ပြန်ဟပ်ဖို့ကြိုးစားတယ်။ ဝ.၈ ရာခိုင်နှုန်းအထက်နဲ့ အောက်မှာ သတ်မှတ်ချက်ကို ဖျက်လိုက်တာက အဲဒါ ဘယ်သူမှ ဂရုမစိုက်ဘူး။ အဲဒီဘောင်အပြင်ဘက်မှာပဲ ရောင်းကြဝယ်ကြတာတွေများတယ်။ဒါကိုအကြောင်းပြပြီးတော့ ဈေးကစားတာတွေဖြစ်လာတဲ့အခါမှာ ဒါကို သူက ဖယ်ပေးလိုက်တယ်။ ဒါပေမယ့်လည်း သူက ရည်ညွန်းတဲ့ ငွေဖလှယ်နှုန်းကို မဖြစ်ဘူး။ ရည်ညွန်းတဲ့နှုန်းကလည်း အပြင်က အပြစ်တင်တာကတော့ ဗဟိုဘဏ်ကမြင့်နေတယ်ပေါ့နော်။ ဒါပေမယ့် ဗဟိုဘဏ်က နောက်ကလိုက်တာ သူ့နှုန်းနဲ့ အပြင်နှုန်းနဲ့ နီးပါးဖြစ်အောင်သူကလိုက်ပြီးတော့လုပ်တယ် နောက်တခါ စနစ်အရ ပြောရရင် စီမံခန့်ခွဲမှုအောက်က Manage Float လို့ခေါ်တဲ့ စနစ်ကိုပဲ ကျင့်သုံးတုန်းပဲရှိသေးတယ်။ လုံးဝနှုန်းရည်မျှောလိုက်တဲ့ သူ့သဘောနဲ့ သူ ကြိုက်သလိုလုပ်ဆိုတဲ့ လွှတ်ပေးလိုက်တဲ့ သဘောမျိုးတော့မဟုတ်ဘူး။ ရေတိုအနေနဲ့ ဘာလုပ်တာတွေရရသလဲဆိုတော့ အစိုးရက ဟိုဘက်တုန်ကဆိုရင် တနေ့ကို ဒေါ်လာ ၁ သိန်း နောက်ကျတော့ ၁ သန်းခြောက်သောင်း ၊ ကနေ့ဆိုရင် ဒေါ်လာလေးသန်းအထိ ထည့်တာကိုတွေ့ရတယ်။ ဒေါ်လာ ၄ သန်းထည့်တော့ ဘာဖြစ်သလဲဆိုရင် သိပ်တော့ မထူးခြားဘူးပေါ့လေ။ မထိရောက်ဘူးဆိုတာကတော့ သိပါတယ်။ ဘယ်လောက်အထိ ထည့်မလဲဆိုတာလည်း မပြောတတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင်တွေရဲ့အပြောအရ ဒေါ်လာ ၄ သန်းဆိုတဲ့ ပိုက်ဆံက ဆီသဘောၤတစီးစာပဲရှိတယ်လို့ပြောတယ် ။ ဆီသဘောၤကလည်းနေ့တိုင်းသွင်းနေတာပေါ့လေ။"
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ အကြံပေး စီးပွားရေးပညာရှင်တွေကတော့ ဒေါ်လာဈေး ငွေလဲနှုန်း တက်တာဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့ ပြောဆိုတာကို ပြည်တွင်းသတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒေါ်လာငွေလဲနှုန်းမြင့်တက်တဲ့အတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ပိုပြီးမြင့်တက်လာနိုင်တာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်နေကြကြောင်းပါ။