သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ထိပ်သီးအစည်းအဝေး လုပ်ဖို့ရာမှာ နျူကလီးယားလက်နက် ပိတ်ပင်ရေး၊ ကိုရီးယားကျွန်းဆွယ် အရေးတွေနဲ့ပတ်သက်ပြီး ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မြောက်ကိုရီးယားဘက်က ချမထားဘူးလို့ တောင်ကိုရီးယား သမ္မတ Moon Jae-in ကပြောပါတယ်။
“တောင်ကိုရီးယားကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေးလို အမေရိကန်ဘက်က လက်မခံနိုင်တဲ့ ဘယ်လို သတ်မှတ်ချက်မျိုး မှ သူတို့ဘက်က ချမထားပါဘူး၊ သူတို့ဘက်က ပြောနေတာအားလုံးက မြောက်ကိုရီးယားပေါ် ရန်လိုတဲ့မူူဝါဒတွေ အဆုံးသတ်ရေး နဲ့ အဲဒီနောက် လုံခြုံရေးအာမခံချက်ပေးဖို့ပါပဲ” လို့ သမ္မတ Moon က စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေကို ဆိုးလ် မြို့တော်မှာ ကြာသပတေးနေ့က ပြောပါတယ်။
“နျူကလီးယားကင်းမဲ့ရေးဆိုတာမှာ တောင်နဲ့မြောက် ကိုရီးယားတို့အကြား မတူကွဲပြားတဲ့အဓိပ္ပါယ်တွေရှိတယ်လို့ ကျနော် မယူဆ ပါဘူး၊ နျူကလီးယား လုံးဝကင်းမဲ့ရေး ဆန္ဒရှိတယ်ဆိုတာ မြောက်ကိုရီးယားဘက်က ပြောဆိုထားပါတယ်” လို့လည်း သမ္မတ Moon ကပြောပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာလုပ်မယ့် တောင်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ ရက်မသတ်မှတ်ရသေးတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးတွေ ပြီးသွားပြီးတဲ့နောက်ပိုင်းမှာလည်း ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုတာ တွေ ဆက်လုပ်သွားရမယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။