ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ဦး လွတ်မြောက်ရေး နိုင်ငံတကာက တောင်းဆိုမှုတွေ ဆက်လက် ထွက်ပေါ်နေရာမှာ ဒီနေ့မှာတော့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ ဗြိတိန်နိုင်ငံလည်း ပါဝင်လာပါတယ်။
နိုင်ငံတော် လုံခြုံရေးအက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အပေါ် စွဲဆိုချက်တွေကို ရုပ်သိမ်းပေးဖို့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့တာဟာ သတင်းမှန်ဖော်ထုတ်နေတဲ့ သတင်းသမားတွေနဲ့ အများပြည်သူ သတင်းရယူခွင့်အတွက် အလွန်အမင်း စိုးရိမ်စရာဖြစ်ရကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ကြတာပါ။
သတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye တို့ရဲ့ ပူးတွဲကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ ပြီးခဲ့တဲနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက်သတင်းအချက်အလက်တွေကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးအမှုကို ရုပ်သိမ်းပေးဖို့ လျှောက်ထားချက်ကို တရားရုံးက မနေ့တုန်းက ပယ်ချလိုက်တဲ့အတွက်လည်း နိုင်ငံတကာက ဝေဖန်မှုတွေ ထပ်မံ ထွက်ပေါ်လာခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း တရားရုံးဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သလို၊ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း သတင်းထောက်တွေကို အရေးယူဖို့ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ကြောင်းနဲ့ သတင်းမှန်ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း မနေ့တုန်းကပဲ တောင်းဆိုခဲ့ပါတယ်။