ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသကနေ ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပြီး နောက်မှာတော့ အဲဒီ ဒေသတွေမှာ မူဆလင် မဟုတ်သူတွေ ပြန်လည် အခြေချ နေထိုင်လာကြပါတယ်။ မူဆလင်တွေ မရှိတော့တဲ့ ကျေးရွာတွေမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေက လူမှုအသိုင်းအဝိုင်း အားလုံး အတွက် ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တို့ ခုခံ ပြောဆိုနေကြတာပါ။ AFP သတင်းကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
တခါက ရိုဟင်ဂျာ မူဆလင်တွေ အခြေချခဲ့ကြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြန်လည် အခြေချ စခန်းသစ်တခု အဝင်မှာ ဗုဒ္ဓဘာသာ သာသနာ့ အလံကိုလွှင့်ထူထားပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေ သိန်းနဲ့ချီပြီး ဒေသတွင်းကနေ ထွက်ပြေးခဲ့ရပြီး နောက်မှာ ရခိုင် တိုင်းရင်းသားတို့က အဲဒီနေရာကို ရွှေ့ပြောင်း အခြေချလာကြတာပါ။
ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်ကနေ ပြောင်းရွှေ့ လာသူ မချစ်စံအိမ် ကတော့ အခုလို ပြောပါတယ်။
"လာခဲ့ဖို့ အစီအစဉ်မရှိပါဘူး ကြောက်လည်းကြောက်ပါတယ် အဲ့ကုလားတွေကိုလေ။
အဲ့တော့ သူတို့မရှိတော့ဘူးဆိုပြီး ပြန်ပြီးနေဖို့ လာတာပေါ့
" သူတို့မရှိတော့ဘူးဆိုတော့ ဒီမှာ အမျိုးတွေ အဆွေတွေနဲ့ ပြန်ပြီး ဆုံတွေ့ရတယ်။ ကိုယ်လည်း နေချင်တဲ့စိတ်လည်းရှိတယ်"
ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးသွားကြတာကြောင့် လစ်လပ် သွားတဲ့ ဒေသတွင်းက ကျေးရွာတွေမှာ မြန်မာ အစိုးရက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အကြီးအကျယ် ဆောင်ရွက်လာတာပါ။
အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ ဒီလုပ်ရပ်က ရိုဟင်ဂျာတွေရဲ့ သဘောဆန္ဒ မပါဘဲ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် မြေမှာ တခြားသူတွေနဲ့ အစားထိုးဖို့၊ လုံခြုံရေးကို ပိုပြီး တင်းကျပ်နိုင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ ပြောဆိုရှုတ်ချထားတာပါ။ မြန်မာ အာဏာပိုင်တွေကတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေက လူမှုအသိုင်းအဝိုင်း အားလုံး အကျိုးခံစားရမှာ ဖြစ်တယ်လို့ ချေပပါတယ်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကတော့ အခုလို ပြောပါတယ်။
"ပထမက ရွာတွေက စနစ်မကျခဲ့ဘူး။ စနစ်မကျခဲ့တာက ရွာတွေ တည်ခဲ့တာက နှစ်ပေါင်း သူတို့ ဆယ်ဂဏန်း ရာဂဏန်းရှိမှာပေါ့။"
မြန်မာနိုင်ငံတွင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ပေမယ့် ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံသား အဖြစ် အစိုးရ အဆက်ဆက် အတည်မပြုသလို ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ထားတာပါ။ အခု ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့ သဘောတူထားပေမယ့်လည်း လုပ်ငန်းစဉ်က နှောင့်နှေးနေတာပါ။
ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကတော့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်က မြေမှာ ပိတ်မိနေကြတာပါ။
ရိုဟင်ဂျာ ဒုက္ခသည် စခန်းခေါင်းဆောင် Dil Mohamed ကတော့ သူတို့က ဘင်္ဂလီတွေ မဟုတ်ဘူးဆိုပြီး ပြောပါတယ်။
"ကျနော်တို့ကတော့ ဘင်္ဂလားဒေရှ့်ကို မသွားပါဘူး။ ကျနော်တို့က ဘင်္ဂါလီတွေ မဟုတ်ပါဘူး။ ကျနော်တို့က မြန်မာ နိုင်ငံသားတွေပါ။"
မြန်မာနိုင်ငံမှာတော့ ဒီလူတွေဟာ ရိုဟင်ဂျာဆိုတာကို အသိအမှတ်မပြုဘဲ ဘင်္ဂလားဒေရှ့်ဘက် ကနေ ခိုးဝင်တဲ့ ရွှေ့ပြောင်းတွေအဖြစ် ဘင်္ဂလီလို့ဘဲ ခေါ်ကြတာပါ။
ရိုဟင်ဂျာ အရေးကို အဓိကထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ရဲ့ အတွင်းရေးမှူး ကိုကျော်စိုးအောင်ကတော့ အခုလို ပြောပါတယ်။
"ခြိမ်းခြောက်မှုလည်း ရှိတယ် ခြိမ်းခြောက်တာလည်းရှိတယ် တိုက်ခိုက်မှုလည်း ရှိတယ် ဒါတွေကိုတောင် ကျော်လွှားပြီး သူတို့မွေးရပ်မြေကို မစွန့်ခွာချင်တာ။ အမြဲတမ်းရှိတယ်။"
ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေကို စိစစ်ပြီး ပြန်လည် လက်ခံရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား သဘောတူညီချက်ကလည်း ကြံံ့ကြာနေပြီး အခုအချိန်ထိ တယောက်မှ ပြန်မလာနိုင်သေးပါဘူး။ ဒါပေမယ့် တချိန်က သူတို့ နေထိုင်ခဲ့ကြတဲ့ နေရပ်တွေမှာတော့ အရင်လို မဟုတ်တော့ဘဲ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေကြပါတယ်။