သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒီနဲ့ ဆက်နွယ်တဲ့ပါတီ ပါကစ္စတန်တရားရုံး ခွင့်ပြု


ပါကစ္စတန်က တရားရုံး။
ပါကစ္စတန်က တရားရုံး။

ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်မပြုခဲ့တဲ့ နိုင်ငံရေးပါတီ အသစ်တခုရဲ့ တင်ပြ လျှောက်ထားချက်ကို ပါကစ္စတန် ဖက်ဒရယ် တရားရုံးတခုက နိုင်ငံရေးပါတီဘက်ကနေ ဆုံးဖြတ်ချက် ချပေးလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်ထားတဲ့ ဘာသာရေးဆရာတဦးနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး အဲဒီပါတီရဲ့ မှတ်ပုံတင်လျှောက်ထားချက်ကို ကော်မရှင်က ပယ်ချခဲ့တာပါ။

ဒါပေမဲ့ Millli Muslim League MML ရဲ့ မှတ်ပုံတင်လျှောက်လွှာ ပယ်ချခဲ့တာကို ပြန်ပြီး လေ့လာသုံးသပ်ဖို့ အစ္စလာမ်မာဘတ် တရားရုံးချုပ်က ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက်ချပြီး ကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။ MML ပါတီဟာ ဘာသာရေးဆရာ Hafiz Saeed ရဲ့ Jamaat-ud-Dawa JuD ပရဟိတအဖွဲ့ရဲ့ နိုင်ငံရေးလက်တံ ပါတီတခုအဖြစ် ဆိုကြပါတယ်။

၂၀၀၈ ခုနှစ်က မွမ်ဘိုင်းမြို့ကို အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်တာကြောင့် အမေရိကန်နိုင်ငံသားတွေအပါအဝင် လူပေါင်း ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို Hafiz Saeed က နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ခဲ့တယ်လို့ အိန္ဒိယနဲ့ အမေရိကန်တို့က စွပ်စွဲထားပါတယ်။

JuD အဖွဲ့ဟာ Lashkar-e-Taiba ခေါ် LeT အဖွဲ့အတွက် ဟန်ပြဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။ မွမ်ဘိုင်းမြို့မှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေကို LeT အဖွဲ့ကလုပ်တယ်လို့ စွပ်စွဲ ပြောဆိုထားတာ ပါ။ LeT အဖွဲ့ တည်ထောင်သူလည်းဖြစ်တဲ့ Hafiz Saeed ဟာ မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့တယ်ဆိုပြီး သူ့ကို ဖမ်းမိ အောင် သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်မယ်လို့ အမေရိကန်က ဆုငွေထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG