နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို မြောက်ကိုရီးယားက ရှောင်ရှားနိုင်အောင် ရုရှားနိုင်ငံက ကူညီနေကြောင်း အမေရိကန် သမ္မတ Donald Trump က စွပ်စွဲလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုအထိ ရောက်နိုင်တဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး တည်ဆောက်ရာမှာ မြောက်ကိုရီးယားဟာ တဖြည်းဖြည်းချင်း တိုးတက်မှု ရရှိလာနေကြောင်းလည်း Reuters သတင်းဌာနကို ပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံက မြောက်ကိုရီးယားကို ရေနံနဲ့ ကျောက်မီးသွေးလောင်စာ တင်ပို့မှုတွေ ကန့်သတ်ဖို့ ကြိုးပမ်းမှုတွေအပေါ် ချီးကျုးခဲ့ပေမဲ့ မြောက်ကိုရီးယားကို ထိန်းချုပ်ရာမှာ တရုတ်နိုင်ငံက ဒီထက်ပိုလုပ်စရာတွေ ရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံအစား ရုရှားက နေရာဝင်ယူလာနေကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ ဆန္ဒရှိကောင်း ရှိနိုင်ကြောင်းလည်း ပြောဆိုခဲ့ပေမဲ့၊ တွေ့ဆုံဆွေးနွေးမှုက အဖြေထွက်ပါ့မလားဆိုတာ မသေချာကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားက ဆွေးနွေးလိုတဲ့ သဘောထားတွေ ပြသလာတာဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထိရောက်မှုရှိတဲ့ အထောက်အထားအဖြစ် တောင်ကိုရီးယား သမ္မတ Moon Jae-in က ယုံကြည်ထားကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောခဲ့တာပါ။
မြောက်ကိုရီးယားအပေါ် ဖိအားပေးရာမှာ တရုတ်နိုင်ငံက ပါဝင်ကူညီတဲ့အပေါ်မှာလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး အစီအစဉ်ကို ထိန်းချုပ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေမှာ နောက်ဆုံးတနေ့ မြောက်ကိုရီးယား ပြန်လည် ပါဝင်လာနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ဝန်ကြီး Tillerson က ပြောဆိုခဲ့ပါတယ်။