သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒု-လက်ထောက်ဝန်ကြီး ရခိုင်ခရီးစဉ် ရှင်းလင်းပွဲ


အေရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphyမြန်မာပြည် ခရီးစဉ်တွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးScot Marciel နဲ့တွေ့ရစဉ်။ စက်တင်ဘာ ၁၉-၂၀၁၇
အေရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphyမြန်မာပြည် ခရီးစဉ်တွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးScot Marciel နဲ့တွေ့ရစဉ်။ စက်တင်ဘာ ၁၉-၂၀၁၇

ရခိုင်ပြည်နယ်ငြိမ်းချမ်းတိုးတက်ရေးအတွက် Mr. Kofi Annan ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာ လုံခြုံရေးတပ်ဖဲ့ွဝင်တွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်အဆင့်မြင့် သံတမန်တယောက်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ အေရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကသူ့ခရီးစဉ်နဲ့ပါတ်သက်လို့ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းခဲ့စဉ်မှာ ရခိုင်ပြည်နယ်အရေးကိစ္စမှာ တာဝန်ရှိတဲ့အဖွဲ့တွေက အစိုးရတခုတည်းမဟုတ်ဘဲ အားလုံးကပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြဿနာကို မဖြေရှင်းနိုင်ရင် နိုင်ငံတကာအကြမ်းဖက် အဖဲ့ွတွေကို ဖိတ်ခေါ်ရာရောက်နိုင် တယ်လို့လည်း သူကသတိပေးပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

၃ ရက်ကြာမြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်နဲ့ စစ်တွေမြို့တွေကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကသူ့ခရီးစဉ်နဲ့ပါတ်သက်တဲ့ သတင်းစာရှင်းပွဲကို သောကြာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တယ်လီဖုန်းပေါ်ကတဆင့် ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အမေရိကန်အနေနဲ့ တော်တော်လေးစိုးရိမ်နေပြီး အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို လေးစာလိုက်နာဖို့ လုံခြုံရေးအာဏာပိုင်တွေကို တောင်းဆိုတယ်လို့ Mr. Murphy ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရခိုင်ကိစ္စ အရေးပေါ်စိန်ခေါ်မှုတော်တော်များများကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းဖို့ ကြိုးစားနေတာကိုလည်း သူကကြိုဆိုပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ အစိုးရတခုတည်းတင် မဟုတ်ဘဲ အဖွဲ့အစည်းတော်တော်များများမှာ တာဝန်ရှိနေတယ်လို့ပြောပါတယ်။ လိုအပ်ချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံဥပဒေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကန့်အသတ်နဲ့ပဲ လွှမ်းမိုးနိုင်တယ်ဆိုတာကို အမေရိကန်အစိုးရက သိတယ်လို့လည်း ဆိုပါတယ်။

Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပါအဝင် ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ် တိုးတက်ရေးအတွက် အစိုးရရဲ့ဆောင်ရွက်မှုတွေကို တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအားလုံးက ဝိုင်းဝန်းပူးဆောင်ရွက်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

"ပြည်သူရွေးကောက်ထားတဲ့ အစိုးရရှိတယ်။ အရပ်သားအစိုးရရဲ့ အာဏာစက်အောက်မှာ မရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိတယ်။ ဒေသခံခေါင်းဆောင်တွေရှိတယ်။ ပြည်သူလူထု ရှိတယ်။ ပြည်သူတွေကြားမှာလည်း စိတ်ခံစားမှုမျိုးစုံနဲ့ တော်တော်လေး တင်းမာမှုတွေ ရှိနေပါတယ်။ အဓိကတာဝန်ကတော့ လုံခြုံရေးအာဏာပိုင်တွေနဲ့ ရခိုင်ပြည်နယ်ထဲက ဒေသခံတာဝန်ရှိသူတွေဖြစ်ပါတယ်။ အစိုးရက ဆောင်ရွက်မယ်လို့ ကတိပြုထားတာတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အားလုံးက ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။"

August လတုန်းက ရခိုင်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေအပေါ် ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအပေါ် စစ်တပ်ရဲ့ တုံ့ပြန်မှုဟာ အချိုးအစားမမျှဘူးလို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ်ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းဘူးဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ထိခိုက်စေတဲ့အပြင်။ နယ်စပ်လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သလို နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းတွေကို စွဲဆောင်ရာရောက်လိမ့်မယ်လို့ အမေရိကန်က မြန်မာအာဏာပိုင်တွေကို သတိပေးခဲ့တယ်လို့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောပါတယ်။

ARSA အဖဲ့ွနဲ့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေ ဆက်နွယ်မှုရှိ မရှိဆိုတာထက် အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်ရာရောက်လိမ့်မယ်လို့ သတိပေးခဲ့တာပါ။

"ဒီအဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိ မရှိဆိုတဲ့အချက်နဲ့ မဆိုင်ပါဘူး။ နိုင်ငံခြားအကြမ်းဖက်သမားတွေအတွက် အခွင့်အလမ်းသစ်တခုအဖြစ် မျက်စိကျသွားနိုင်ပါတယ်။ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ဒီအမြင်ကို မြန်မာ့အရေးအတွက် အရေးပါသူတွေကြားမှာလည်း လက်ခံကြပါတယ်။"

မြန်မာနိုင်ငံမှာအကြမ်းဖက်အန္တရာယ်ရှိလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံချင်သူတွေလာရောက် စီးပွားရေးလုပ်ဖို့ စိုးရိမ်သွားနိုင်သလို ဒီမိုကရေစီအသွင်ပြောင်းလဲရေးကို ထိခိုက်နိုင်တယ် ဆိုတာ အမေရိကန်အစိုးရက မြန်မာအစိုးရကို သတိပေးထားတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာကို ပိုပြီးဆိုးနေစေတာကတော့ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းပွားပြောဆိုမှုတွေ အမှန်မဟုတ်ဘဲ ဖော်ပြမှုတွေဖြစ်တယ်ဆိုတာကိုလည်း Patrick Murphy က ဘန်ကောက်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ တင်းမာမှုတွေကို လျှော့နည်းသွားစေဖို့ စကားအဖြစ်ပြောနေကြတာတွေကို လျှော့ပါလို့လည်း Mr. Murphy က မြန်မာပြည်သူတိုင်းကို တောင်းဆိုခဲ့ပါတယ်။

"ရှုပ်ထွေးတဲ့ ရခိုင်ပြည်က အခြေအနေကို ထပ်ပြီးရှုပ်ထွေးအောင်လုပ်နေတာကတော့ လူမှုကွန်ယက်တွေပေါ်မှာ ရေး တင်နေကြတာဖြစ်ပါတယ်။ အမုန်းပွားစေတဲ့ ပြောဆိုမှုတွေ အများကြီးဖော်ပြနေကြသလို။ မမှန်ကန်တဲ့ အကြောင်းအချက်တွေအများအပြားကိုလည်း ဖော်ပြနေကြပါတယ်။"

ဖိနှိပ်တဲ့ စစ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေအနေနဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို အမှတ်ရပြီး ရိုဟင်ဂျာတွေအပေါ် စာနာဂရုဏာထားတဲ့ အမြင်နဲ့ ကြည့်ပါလို့လည်းအမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က သတင်းစာရှင်းပွဲမှာ ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG