မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပစိဖိတ်သမုဒ္ဒရာထဲမှာ ဟိုက်ဒြိုဂျင်ဗုံး မကြာခင် စမ်းသပ်ကောင်း စမ်းသပ်မယ့်အကြောင်း ပြောဆိုလိုက်ပြီး နောက်မှာပဲ၊ မြောက်ကိုရီးယားခေါင်းဆောင်ကို စိတ်မနှံ့သူအဖြစ် အမေရိကန်သမ္မတ Donald Trump က ခေါ်ဝေါ်သုံးနှုန်းပြီး တုံ့ပြန်လိုက်ပါတယ်။ ခေါင်းဆောင် ၂ ယောက်အကြား အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်နေရာမှာ သမ္မတ Trump ရဲ့ အခုနောက်ဆုံး Twitter လူမှုကွန်ယက်က မှတ်ချက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ကိုယ့်ပြည်သူတွေ သေရမှာ၊ အငတ်ဘေး ကြုံရမှာတွေကို မငဲ့ကွက်ဘဲ ထင်ရာလုပ်နေတဲ့ အရူးတယောက်အဖြစ် ပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယား ခေါင်းဆောင်ကို အသေခံမယ့် ဒုံးပျံသမားလို့ ခေါ်ဝေါ်ပြီး၊ လိုအပ်လို့ အမေရိကန်ကို ကာကွယ်ရမယ်ဆိုရင် မြောက်ကိုရီးယားကို လုံးဝချေမှုန်းပစ်နိုင်ကြောင်း ဒီသီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ သမ္မတ Trump က ပြောဆိုခဲ့ပြီး နောက်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်က တုံ့ပြန်ထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ပြောကြားချက်အဖြစ် ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာတော့၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို ချေမှုန်းဖို့ ခြိမ်းခြောက်တာဟာ စိတ်မူမမှန်သူတယောက်ရဲ့ အပြုအမူဖြစ်ကြောင်း ဖော်ပြထားတာပါ။ အမေရိကန် သမ္မတကို ရမ်းကားပြီး၊ လူမိုက်ဆန်သူအဖြစ် ခေါ်ဝေါ်သုံးစွဲပြီး၊ သမ္မတ Trump ရဲ့ စော်ကားပြောဆိုမှုတွေကို သမိုင်းတွင်လောက်အောင် အပြင်းထန်ဆုံး တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က ကြေညာချက်ကို ဖတ်ပြနေတဲ့ ဓာတ်ပုံကိုလည်း နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်း အေဂျင်စီက ပြသခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကတော့ ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာနေတာတွေဟာ စိန်ခေါ်မှုတွေဖြစ်ကြောင်း ဒီကနေ့ပဲ အသိအမှတ်ပြု ပြောဆိုသွားခဲ့ပေမဲ့၊ တဖက်နဲ့တဖက် အပြင်းအထန် ဝေဖန်မှုတွေ၊ ခြိမ်းခြောက်မှုတွေက သံတမန်ရေး ကြိုးပမ်းမှုတွေကို ထိခိုက်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂမှာ ဒီကနေ့ မိန့်ခွန်းပြောကြားမယ့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong-ho ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။