အမေရိကန်သမ္မတ Donald Trump ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှူး James Comey ကို သမ္မတ အိမ်ဖြူတော်ကို ဆင့်ခေါ်ပြီး သူ့အပေါ် သစ္စာခံဖို့ ပြောကြားခဲ့တဲ့အကြောင်း အမေရိကန် သတင်းစာကြီး တစောင်က ကြာသပတေးနေ့မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ မစ္စတာ Comey ကို သမ္မတ Trump က FBI အကြီးအကဲ ရာထူးကနေ ဖယ်ရှားပစ် လိုက်တာကြောင့် နိုင်ငံရေး ပြဿနာတွေ ပေါ်လာပြီး တချို့ကိစ္စတွေမှာ ဖွဲ့စည်းပုံ ဆိုင်ရာပြဿနာတွေပါ ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။
မစ္စတာ Comey က သမ္မတ Trump ကို ကတိသစ္စာခံဖို့ ငြင်းပေမဲ့လို့ သူ့ဘက်က ပွင်းလင်းရိုးသားမယ့် အကြောင်းကို ပြောခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ သမ္မတ Trump ဟာ သူ့အပေါ်သစ္စာခံဖို့ မစ္စတာ Comey ကို အကြိမ်ပေါင်းများစွာ ဖိအားပေးခဲ့ပြီး နောက်ဆုံးမှာတော့ မစ္စတာ Comey က - သူ့အနေနဲ့ FBI ညွှန်ကြားရေးမှူး တယောက်ရဲ့ ရိုးသားတဲ့သစ္စာခံမှု ရှိရပါစေမယ်လို့ သမ္မတကို ပြန်ပြောခဲ့ဲတဲ့အကြောင်း သတင်းစာမှာ ဖော်ပြထားတာပါ။
သမ္မတ Trump နဲ့ တွေ့ဆုံခဲ့တဲ့ ညစာ စားပွဲအကြောင်းကိုတော့ သူ FBI ညွန်ကြားရေးမှူး တာဝန်ယူနေချိန်မှာ ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ သူ့ရဲ့လက်ထောက်တွေကို Comay က ပြောခဲ့ပေမဲ့၊ အခုအချိန်မှာတော့ ဒီရာထူးမှာ သူ ဆက်မရှိတော့တာကြောင့် သူ့ရဲ့လက်ထောက်တွေ အနေနဲ့လည်း ဒီတွေ့ဆုံမှု အကြောင်းကို လွတ်လွတ်လပ်လပ် ပြောနိုင်ပြီလို့လည်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ သမ္မတ Trump ပြောတာကတော့ မစ္စတာ Comey နဲ့မတူပါဘူး။ ကြာသပတေးနေ့က NBC ရုပ်သံနဲ့တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ Trump က သူ့ကို တွေ့ခွင့် မစ္စတာ Comey ဘက်က တောင်းခံခဲ့တာဖြစ်ပြီး မစ္စတာ Comey ဟာ FBI ညွန်ကြားရေးမှူး အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရဖို့အတွက် ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ သူ့ကို FBI က စုံစမ်းစစ်ဆေးနေတာတွေ ရှိ-မရှိ မစ္စတာ Comey ကို သူ မေးမြန်းခဲ့တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။