အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ Universities Space Research Association ခေါ် USRA တက္ကသိုလ်များ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ က ၂၀၁၆ အတွက် ချီးမြှင့်တဲ့ဆု ၃ ဆုထဲမှာ အဖွဲ့လိုက် အကောင်းဆုံးဆု (Team Excellence Award) ကို USRA ရဲ့ မိုက်ခရိုဆွဲငင်အား သုတေသနအဖွဲ့က ရရှိခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ NASA Glenn သုတေသနဌာနက မြန်မာနိုင်ငံသား ဒေါက်တာ ပဒေသာတင်လည်း ပါဝင်ပါတယ်။
ဝါရှင်တန်ဒီစီရှိ NASA ဌာနချုပ်မှာ ကျွန်တော်တို့ အခုအသံလွှင့်ချိန် မတိုင်ခင်လေးက ကျင်းပခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားမှာ အဖွဲ့ကိုယ်စား ဒေါက်တာ ပဒေသာတင်က တက်ရောက် လက်ခံခဲ့တာ ဖြစ်ပါတယ်။ အခုရရှိတဲ့ဆုနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က မေးမြန်းရာမှာ သူကအခုလို စဖြေခဲ့ပါတယ်။
ကျနော်လာယူတဲ့ ဆုက အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှာ တက္ကသိုလ် နှစ်ခုနဲ့ တွဲလုပ်ခဲ့တဲ့သုတေသနလုပ်ငန်းမှာ တော်တော်ကို အောင်မြင်ခဲ့တဲ့အတွက် ကျနော်တို့ကို group award အနေနဲ့ အမေရိကန်နိုင်ငံ အမျိုးသား အာကာသနဲ့ လေကြောင်းသုတေသနကရော၊ အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်များအာကာသ သုတေသနအဖွဲ့ကရော တွဲပြီး ကျနော့်ကို ဂုဏ်ပြုလက်မှတ်ပေးတာဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ လုပ်ခဲ့တဲ့ သုတေသနကရော ဘယ်နေရာမှာ လုပ်တာပါလဲ။
ဒေါက်တာ ပဒေသာတင်။ ။ ကျနော်လုပ်ခဲ့တဲ့ သုတေသနက လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်ကတည်းက စလုပ်ခဲ့တဲ့ သုတေသနပါ။ ကျနော်တို့ ဆဲလူလာဖုန်းတွေ၊ အိမ်မှာရှိတဲ့ ရုပ်မြင်သံကြားပေါ်မှာရှိတဲ့ liquid crystal ပေါ့နော် အရည်ပါးပါးလေး၊ အရည်ပုံဆောင်ခဲလေးရှိတယ်။ အဲဒီအရည်ပုံဆောင်ခဲလေးနဲ့ ပတ်သက်တဲ့ ရုပ်သဘောသဘာဝပြောင်းလဲမှုက ကမ္ဘာပေါ်မှာ စမ်းသပ်လို့မရပါဘူး။ အဲတော့ အပြည်ပြည်ဆိုင်ရာ အာကသစခန်းထဲမှာ ခုန အရည်ပုံဆောင်ခဲလေးကို သုတေသနလုပ်တာဖြစ်ပါတယ်။ အဲတာနဲ့ ပတ်သက်ပြီးတော့ ပေးတဲ့ ဆုပါခင်ဗျ။
ဒေါ်ခင်မျိုးသက်။ ။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာလုပ်တဲ့ သုတေသနက လက်တွေ့မှာ ကမ္ဘာမြေပေါ်မှာ အသုံးချလို့ ရပါ့မလား။
ဒေါက်တာပဒေသာတင်။ ။ ခုန ကျနော်ပြောတာပေါ့နော်။ ဒီအရည်ပုံဆောင်ခဲလေးကို လုပ်တဲ့အခါကျတော့ ခါတိုင်းသုံးနေတဲ့ ပုံဆောင်ခဲအစား ဒီထက်ပိုပြီး ကောင်းတဲ့ ပုံဆောင်ခဲဖြစ်တဲ့အတွက် အခုနောက်ပိုင်းပေါ်နေတဲ့ super high definition television display ဆိုတဲ့ဟာမျိုး၊ နောက်ဆဲလူလာဖုန်းဆိုရင် အခုသုံးတဲ့ ပုံဆောင်ခဲက nematic လို့ခေါ်ပါတယ်။ မနှစ်က ကျနော်တို့ လုပ်ခဲ့တဲ့ဟာက ဘာလဲဆိုရင် fanatic လို့ခေါ်ပါတယ်။ ပုံဆောင်ခဲအလွှာတွေ အများကြီးထပ်ထားတာပါ။ တလွှာချင်းအစား အလွှာတွေ အများကြီးထပ်ထားတဲ့အတွက် နောက်ဆို hologram နဲ့ ဆဲလူလာဖုန်း သုံးလို့ရတဲ့ ပုံစံတွေဖြစ်လာမယ်။ အိမ်မှာသုံးတဲ့ တယ်လီဗေးရှင်း screen တွေကို လက်ညှိုးနဲ့ထောက်ပြီး ကိုယ်လိုချင်တဲ့ ပစ္စည်းအမျိုးအစား ဘယ်လိုဟာမျိုးလဲဆိုတာ လက်နဲ့စမ်းလို့ရအောင် ကောင်းတဲ့ screen တွေပေါ်လာမှာဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ မြန်မာနိုင်ငံက လူငယ်လေးတွေကို ဘယ်လိုအားပေးချင်ပါသလဲ။ သူတို့ သုတေသနလုပ်ငန်းတွေ လုပ်လာနိုင်အောင်။
ဒေါက်တာ ပဒေသာတင်။ ။ အဓိကက ဘာလဲဆိုရင် ကိုယ်တတ်ကျွမ်းတဲ့ ပညာက ဘယ်တော့မှ အသုံးမကျဘူး ဆိုတာ မရှိပါဘူး။ ကျွန်တော်လုပ်တဲ့ တတ်ကျွမ်းမှု ပညာဟာ တစိတ်တပိုင်းပဲ ရှိပါသေးတယ်။ ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ၊ ကွန်ပြူတာ၊ ရုက္ခဗေဒ ကအစ အကုန်လုံး တွဲပြီးတော့ နာဆာမှာလုပ်တဲ့ သုတေသနတွေက အကုန်တွဲပြီး ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ကိုယ်တတ်ထားတဲ့ ပညာရပ်မှာ နားလည်တတ်ကျွမ်းဖို့နဲ့ တခုတတ်ပြီးရင် ဒီ့ထက်တဆင့်ပိုမြင့်တဲ့ပညာတွေကို တတ်ကျွမ်းနိုင်ဖို့အတွက် ဘာသာဗေဒ၊ ဘာသာစကားအရ ကျွမ်းကျင်မှုကအစ ပိုပြီးတော့ အဆင့်မြင့်တဲ့ ကိုယ်သင်ခဲ့တဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ ရုက္ခဗေဒတွေလို ဘာသာရပ်တွေနဲ့ ပတ်သက်တာတွေကို အဆင့်မြင့်မြင့် ပိုပြီး နားလည်တတ်ကျွမ်းဖို့ ဒီနိုင်ငံမှာလာပြီး ပညာသင်ခြင်းအားဖြင့် သော်လည်းကောင်း၊ မြန်မာပြည်မှာပဲ ကျိုးစား ခြင်းအားဖြင့် သော်လည်းကောင်း ဒီ့ထက်ပိုပြီးတော့ သုတေသနတွေ လုပ်နိုင်မယ် ဆိုရင် ကျွန်တော်လုပ်နေတဲ့ အလုပ်မျိုးတွေ၊ သုတေသနတွေ နောင်မှာ အတူတွဲပြီး ဖြစ်စေ၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ဖြစ်စေ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ လုပ်လဲ လုပ်ကြပါလို့ အားပေးချင်ပါတယ်။