အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့လုပ်နေတာဟာ အချိန် စောလွန်းနေသေး တယ်လို့ မြန်မာ့ကျောက်စိမ်း လုပ်ငန်း နောက်ကွယ်က လျှို့ဝှက်မှုတွေကို ဖေါ်ထုတ်တင်ပြခဲ့တဲ့ ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်ရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အခု အမေရိကန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ Barack Obama နဲ့ တွေ့ဆုံအပြီးမှာပဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဒီလိုရုပ်သိမ်းပေးတာဟာ အချိန်မတန်သေးတဲ့ အတွက် သိပ်ကို စိုးရိမ်ကြောင်း မြန်မာ့ကျောက်စိမ်း လုပ်ငန်း နောက်ကွယ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ သဘာဝဝန်းကျင် ပျက်စီးမှုတွေနဲ့ မတရား အမြတ်ထုတ် နေကြ သူတွေအကြောင်း အစီရင်ခံစာ ရေးသား ဖေါ်ထုတ် ခဲ့တဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က Juman Kubba က VOA ကိုပြောပါတယ်။
"မြန်မာနိုင်ငံက ကျောက်စိမ်းလုပ်ငန်းနဲ့ ပါတ်သက်ပြီး ဒဏ်ခတ် အရေးယူ ထားမှုတွေကို သမ္မတအိုဘားမားက ဖယ်ရှားပေးလိုက်တာ အတွက် ကျမတို့ အလွန်ပဲစိုးရိမ်ပါတယ်။ သိတဲ့အတိုင်းပဲ ကျမတို့အဖွဲ့က ဒီလုပ်ငန်းနဲ့ ပါတ်သက်ပြီး နှစ်ရှည်လများ စုံစမ်းခဲ့တဲ့နေရာမှာ ၂၀၁၄ ခုနှစ် တနှစ်ထဲမှာတင် ဒီလုပ်ငန်းကရတဲ့ ငွေဟာ ဒေါ်လာသန်းပေါင်း သုံးထောင့်တရာလောက် ရှိနေတာတွေ့ရတာပါ။ ဒီလုပ်ငန်းကို ထိမ်းချုပ်နေတဲ့ လူတချို့ကလည်း အခုထိ နိုင်ငံထဲမှာပဲ ရှိနေပါတယ်။ သူတို့တွေအတွက် ဒဏ်ခတ်အရေးယူမှုကသာ တကယ်အရေးပါသလို ဒီလုပ်ငန်းမှာ ထင်သာမြင်သာရှိအောင်ရော ဒီလုပ်ငန်းတိုးတက်လာအောင်နဲ့ ဒီဒေသခံတွေအတွက်ပါ လုပ်ပေးနိုင်ပါတယ်။ ဒါလို ထိရောက်မှု ရှိနေတာကို သမ္မတအိုဘားမားက ဘာ့ကြောင့် ရုတ်သိမ်းပေးရတာပါလဲ။ အခုအချိန်ဟာ သိပ်ကိုစောနေပါသေးတယ်။ တကယ်ဆို ပြုပြင်ပြောင်းလဲ မှုတွေ သေသေ ချာချာ လုပ်ပြီးမှ ရုပ်သိမ်းပေးသင့်ပါတယ်။"
အခုလို အချိန်မတန်သေးပဲ အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့တဲ့ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအတွက် တကယ်တမ်းကူညီချင်တယ် ဆိုရင် ဒီကျောက်စိမ်း လုပ်ငန်း အတွက် အထောက်အကူဖြစ်စေမယ့် ပံ့ပိုးမှုတွေ လုပ်ဖို့ အစီစဉ်တွေ ချပေးသင့်တယ်လို့လည်း ပြောပါတယ်။
"အခုအချိန်ဟာ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးမယ်လို့သာ ကြေညာသေးတာပါ။ တကယ်မရုပ်သိမ်းသေးပါဘူး။ ဒါ့ကြောင့် အမေရိကန် အစိုးရအနေနဲ့ ကျောက်စိမ်း လုပ်ငန်းမှာ တကယ်တမ်းပြုပြင်ပြောင်းလဲ လာအောင် မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ပေးသင့်တယ် ဆိုတဲ့ အစီစဉ်တွေပါ ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နံှသူတွေကိုပါ မြန်မာနိုင်ငံ အတွက် ထိခိုက်မှု မရှိစေတဲ့ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်စေရမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အခုမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေက အထူးသဖြင့် ဒီကျောက်စိမ်း လုပ်ငန်းအတွက် ရှိနေတုန်းမို့ပါ။
ကျောက်စိမ်းအပါအဝင် ကျောက်မျက်လုပ်ငန်းအတွက် လုပ်ကွက် ပေါင်း ၃၀၀ ကျော်ကို နောက်ထပ် သက်တမ်းထပ်မတိုးဖို့ သဘာဝဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့တာ အပါအဝင် ဒေသတွင်း တရားဥပဒေစိုးမိုးမှု အတွက်ပါ မြန်မာအစိုးရသစ်က အရေးယူ လုပ်ဆောင်လာနေတာတွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံဟာ အခုအခါမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီမို့ အရေးယူဒဏ်ခတ်မှုတွေ မလိုတော့ဘုူးလို့ ကြာသပတေးနေ့မှာပဲ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့တာပါ။ ဒါ့ကြောင့် အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှုတွေ မလိုတော့ဘူးလို့ မထင်ဘူးလားလို့ မေးကြည့်တဲ့ အခါမှာတော့
"မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေတာပါ။ ဒီလုပ်ငန်းမှာ တွေ့နေရတဲ့ ယိုပေါက်တွေကိုလည်း ပိတ်ဖို့ လုပ်နေတာမို့ ဒီလိုလုပ်ဆောင်တာဟာ သိပ်ကို အရေးပါတဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပြဿနာက ပြောင်းလဲချင်နေတဲ့ ပြောင်းလဲမှုတွေက တကယ်မဖြစ်သေးတာပါ။ ဒီလိုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေက တကယ်အထောက်အကူ ပေးနိုင်ပါတယ်။ တကယ်လို့ ဒဏ်ခတ်အရေးယူမှုတွေကို နဲနဲ ဆက်ထားလိုက်မယ် ဆိုရင် ပြောင်းလဲဖို့ လက်ရှိလုပ်ဆောင် နေမှုတွေအတွက် ပိုကောင်းလုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်။"
အမေရိကန် အစိုးရအနေနဲ့ အရင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့လို လူတွေ၊ ကျောက်စိမ်းလုပ်ငန်းမှာ အဓိကကျက်စားနေတဲ့ ဘိန်းဘုရင် ဝေရှောက်ခန်းတို့လို လူတွေနဲ့ ပါတ်သက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ တခြားတတ်နိုင်တဲ့ တားမြစ်မှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြုထားတဲ့ နိုင်ငံတွင်း ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် ပံ့ပိုးမှုတွေ လုပ်ဖို့၊ ကျောက်စိမ်းနဲ့ တခြားကျောက်မျက် ရတနာ လုပ်ငန်းအတွက် မူဘောင်ချမှတ်ရာမှာ ကူညီရင်း ဒေသခံတွေအတွက် အကျိုးရှိလာစေဖို့တွေကို အမေရိကန်အစိုးရပိုင်းကနေ ကြပ်မတ်ပြီး တာဝန်ခံ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေပဲ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာစေဖို့ အကူညီတွေ ပေးနိုင်တယ်လို့လည်း မစ္စ Juman Kubba က ပြောပါတယ်။