မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာဟာ ဖွဲ့စည်းပုံ သာ ပြောင်းလဲပြီး၊ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ အပြောင်းအလဲ မရှိဘူးလို့ အသစ် ဖွဲ့စည်းလိုက်တဲ့ NRPC က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အသစ် ဖွဲ့စည်း လိုက်တဲ့ NRPC ရဲ့ ထိရောက်မှုကို စောင့်ကြည့်သွားမယ်လို့ NCA သဘောတူ ညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။
အရင် အစိုးရလက်ထက်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း ထားတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ကို NLD အစိုးရ သစ်လက်ထက်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ အကြောင်း နိုင်ငံတော် သမ္မတ ရုံးကနေ မေလ ၃၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ NRPC ဟာ ယခင် MPC နဲ့ ဘာတွေ ကွာခြားမှု ရှိမလဲ ဆိုတာနဲ့ ပတ်သက်လို့၊ ယခင် MPC မှာ အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှု ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူပြီး၊ အခု NRPC မှာလည်း အဖွဲ့ဝင်အဖြစ် ပြန်လည် ပါဝင်လာတဲ့ ဒေါက်တာမင်းဇော်ဦးက ဗွီအိုအေကို ခုလို ပြောပြပါတယ်။
" နံပတ်တစ်ကတော့ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ရည်ရွယ်ချက်ကတော့ အပြောင်းအလဲမရှိပါဘူး။ အပြောင်းအလဲရှိတာကတော့ Structure ပေါ့နော်။ အရင်တုန်းကတော့ MPC က သူက သီးသန့် ဒါကို လည်ပတ်တယ်ပေါ့။ အခုက NRPC က အစိုးရရဲ့ဝန်ကြီးဌာန တခုက ဦးစီးဌာန တခုပုံစံမျိုး ဖြစ်သွားမယ် ဆိုတဲ့သဘောပါပဲ။ လောလောဆယ်မှာတော့ အသေးစိတ် ဖွဲ့စည်းပုံတွေတော့ မထွက်သေးဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ နားလည်တာကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရဲ့ ညွန်ကြားချက်ဆိုတာ NRPC အဖြစ် ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ရန်ဆိုတဲ့ အပေါ်မှာရယ် အစိုးရဌာနတခုအဖြစ် လုပ်မယ်ဆိုတဲ့ မူဝါဒ ရှေ့ဆက်ပြီး လုပ်ငန်းတွေ လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ "
MPC ကို EU ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ သြစတေးလျ၊ နော်ဝေး၊ ဂျပန် စတဲ့နိုင်ငံတွေက နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီပေါင်း ၂၅ ခုက ငွေကြေးထောက်ပံ့ မှုတွေနဲ့ တည်ထောင်ပြီး၊၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
MPC ဟာ KNU၊ DKBA နဲ့ RCSS/SSA တို့လို အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် NCA ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား တွေ့ဆုံဆွေးနွေးရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း NCA မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ ၁၅ဖွဲ့ အနက် ၇ဖွဲ့က ပါဝင်လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့တဲ့အတွက် MPC ရဲ့ စွမ်းဆောင်မှုဟာ ထိရောက်မှု မရှိဘူးလို့လည်း ဝေဖန်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက် လို့လည်း ဒေါက်တာ မင်းဇော်ဦးက ခုလို ပြောပါတယ်။
" ဒီလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးတယ် မထိုးတယ် ဆိုတဲ့ ပေါ်လစီ ကိစ္စတွေက ကျနော်တို့ MPC က ဆုံးဖြတ်တာ မဟုတ်ဘူးလေ။ ဒါက အစိုးရရဲ့ပေါ်လစီ။ MPC ကကျတော့ ဒါ အရင်ကတည်းက အစိုးရရဲ့ပေါ်လစီကို အကောင်အထည်ဖော်တဲ့ပုံစံပဲဖြစ်တယ်လေ။ အခု NRPC ဆိုတာလည်း အစိုးရရဲ့မူဝါဒကို အကောင်အထည်ဖော်ရမှာပဲ။ အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရဌာနရဲ့ သီးသန့်ပုံစံမျိုးနဲ့ အကောင်အထည်ဖော်တာ ဖြစ်သွားတာပေါ့ဗျာ။"
MPC ကို အစိုးရ ဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်လောက် ထိရောက်မှု ရှှိမလဲ ဆိုတာနဲ့ ပက်သက်ပြီး NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP က ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။
"နာမည် ပြောင်းတာ၊ မပြောင်းတာကတော့ အဲ့သလောက်အထိ ပြဿနာလို့တော့ ကျမတို့ အနေနဲ့ မမြင်ပါဘူး။ အရင်ကဆိုရင်တော့ အစိုးရက တိုက်ရိုက်ချုပ်ကိုင်တဲ့ အသွင်သဏ္ဍာန်မျိုးထက် NGO အသွင်သဏ္ဍာန်မျိုး နဲ့ သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အောက်မှာ ဒီလိုထားလိုက်ခြင်း အားဖြင့်ဆိုလို့ရှိရင် အစိုးရက တိုက်ရိုက်ကိုင်တွယ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ အစိုးရက ဒီငြိမ်းချမ်းရေး ကဏ္ဍကို အဓိက ဘယ်လောက် ဦးစားပေးပြီးတော့ လုပ်ချင်သလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ အခုက အစိုးရ သက်တမ်းက နှစ်လ ရှိနေသေးတယ်။ နှစ်လပဲရှိသေးတော့ ကျမတို့ရဲ့အနေအထားအရ စောင့်ကြည့်နေတဲ့သဘောမျိုးပဲရှိပါတယ်။"
အခုလို MPC ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ NRPC မှာ အဖွဲ့ဝင် ၁၀ဦးပါဝင်ပြီး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ပြည်တွင်း ပြည်ပ ထောက်ပံ့ ကူညီမှုတွေ နဲ့ နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသုံးစွဲမှုတွေ စနစ်တကျရှိစေဖို့ အလှူရှင်တွေနဲ့ ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေကို NRPC က တာဝန်ယူဆောင်ရွက်နိုင်အောင် ဖွဲ့စည်းသွားမယ်လို့ မေလ ၃၁ရက်နေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
NRPC ရဲ့ ဗဟိုဌာနချုပ်ကို နေပြည်တော်မှာ ထားရှိပြီး၊ ရန်ကုန်မြို့က ယခင် MPC ရုံးကို NRPC ရဲ့ ရန်ကုန် ရုံးခွဲအဖြစ်ထားရှိ သွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။