မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အ၀ မထွန်းကားသေးဘူးလို့ သမ္မတ Obama ကပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတက Ise Shima မြို့မှာ သတင်းစာဆရာတွေနဲ့တွေ့ဆုံတဲ့အခါ အခုလိုပြောကြား သွားတာဖြစ်ပါတယ်။
"လူမှုရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် တိုးတက်ရွေ့ရှားမှု ရှိနိုင်ပေမဲ့ ပြသနာတွေကိုတော့ ချက်ချင်းပြေလည် သွားစေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုအခါမြန်မာနိုင်ငံမှာ တစိတ်တပိုင်းအားဖြင့် ကျနော်တို့ရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေ ပါတယ်။ နှစ်နဲ့ချီပြီးတော်လှန်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့မြန်မာပြည်ထဲမှာ ခြိမ်းခြောက်ခံနေရပါတယ်ဆိုတာ ကျနော် အခိုင်အမာ ပြောနိုင်ပါတယ်။ သူတို့ဟာ လွတ်လပ် စွာပြောဆို ခွင့်မရကြသေးပါဘူး။ကျနော်တိုနိုင်ငံတွေမှာလို လွတ်လပ်စွာ စုဝေးခွင့်မျိုး မရရှိကြသေးပါဘူး"လို့ပြောသွားတာပါ။
ဒါ့အပြင် လောလောဆယ်မှာ IS အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုက အဓိကကျနေပေမဲ့ နိုင်ငံတကာစည်းမျည်းတွေကျင့်ဝတ်တွေကိုချိုးဖောက်ပြီး မတည်မငြိမ်နဲ့ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားဟာ တာဝေးပစ် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အတွက် အထူးဂရုစိုက်ရမယ့် ခြိမ်းခြောက်မှုကြီးဖြစ်တယ်လို့ သမ္မတ Obama ကပြောကြားသွားပါတယ်။
တချိန်တည်းမှာပဲ ဗီယက်နမ်နဲ့မြန်မာလိုနိုင်ငံမျိုးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုကြောင့် မြောက်ကိုရီးယားရဲ့ ပြည်ပကို လက်နက်ရောင်းချနိုင်မှု လျော့နည်းသွားစေတယ်လို့ဆို သမ္မတ Obama ကဆိုပါတယ်။