သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရမူဝါဒအရ မိုင်းရှင်းလင်းရေးအခက်အခဲရှိ


မြေမြှုပ်မိုင်းထိမှန်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ကရင်ဒုက္ခသည်တဦး။
မြေမြှုပ်မိုင်းထိမှန်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ကရင်ဒုက္ခသည်တဦး။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်မီ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဌာနတခု ဖွင့်လှစ်နိုင်ရေးကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးနေတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ပတ် လည် အစီရင်ခံစာမှာ ပြောထားပါတယ်။

အခုလို မြေမြှုပ်မိုင်း ရှင်းလင်းရေး စင်တာတခု ဖွင့်ဖို့ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ချက်ချင်း အကောင်အထည် မပေါ်သေးတာလို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းလုပ်ငန်းတွေကို သုတေသနလုပ်ဆောင်ရွက်တာမျိုးမှာ တရားဝင် လုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးဘူးလို့လည်း မြေမြှုပ်မိုင်းပညာပေးရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုလာတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

စစ်ပွဲတွေအတွင်းသုံးခဲ့တဲ့ တိုင်းရင်းသားဒေသတွေက မြေမြှုပ်မိုင်းတွေ ပြန်လည် တူးဖော်ဖို့အတွက် မြန်မာအစိုးရဘက်က မြေမြှုပ်မိုင်းရှင်းလင်းရေး စင်တာကြီးတခု တည်ဆောက်ဖို့ အစီအစဉ်တွေ ရှိပေမဲ့လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကြန့်ကြာမှုရှိသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ ညှိနှိုင်းရမှာဖြစ်တဲ့အတွက် သိပ်ပြီး ခရီးမရောက်သေးတာလို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်း အကြံပေးတဦးက ပြောပါတယ်။

“မိုင်းကကျတော့ သူက တပ်ပါပါလာမှာဆိုတော့ ကျနော်တို့ peace လုပ်သလိုမျိုး နေရာချထားရေးလို ကိစ္စကျတော့ ဟိုဟာမဖြစ်ဘူးပေါ့။ အခုကတော့ နှောင့်နှေးနေတယ် ဆိုတာလည်း သူတို့ ပြောမယ်ဆိုရင် ရှိနိုင်ပါတယ်။ တကယ်တမ်းကျတော့လည်း ဟို တဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးပြီးမှပဲ ဒါတွေက လုပ်လို့ရမှာပေါ့။ တနိုင်ငံလုံးမှာ ဆောင်ရွက်ဖို့အတွက် အကွဲကွဲအပြားပြား မဖြစ်အောင်ပေါ့နော် ဘာလို့လဲဆိုတော့ ဒီကောင်က တနိုင်ငံလုံးမှာ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အကွဲကွဲအပြားပြားမဖြစ်အောင် ဒီစံနှုန်းသတ်မှတ်ချက်တွေကို ပြင်ဆင်နေတယ်။ တပ်မတော်လည်း ဒါကတော့ အဓိကပေါ့နော် ပါဝင်ရမှာဖြစ်တယ်။ ဒါတွေက ပြင်ဆင်နေဆဲပေါ့နော်။”

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေ ပြည်တွင်းက တိုင်းရင်းသား ဒေသအချို့မှာ လုပ်ဆောင်နိုင်ပေမဲ့ တကယ့်ဒေသတွေကို သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ဖို့ ပြီးတော့ ပြန်လည် တူးဖော်ရေးအတွက် သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့မှာတော့ မြန်မာအစိုးရရဲ့ မူဝါဒအရ တရားဝင် သွားရောက် ဆောင်ရွက်တာမျိုးတွေ မလုပ်နိုင်သေးဘူးလို့ မြေမြှုပ်မိုင်းအရေး ပညာပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ကယားပြည်နယ်ထဲမှာဆိုရင် အရင်က သုံးစွဲခဲ့တဲ့ မြေမြှုပ်မိုင်းတွေရဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ သုတေသနပိုင်းမှာတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ဘူးလို့ ကယားအခြေစိုက် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) က ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့ ကိုဘီထူးက ပြောပါတယ်။

“မိုင်းဘယ်နေရာမှာရှိတဲ့ဆိုတာတော့ ဘယ်သူမှလည်း သိပ်မပြောချင်တဲ့ အနေအထားမျိုးဖြစ်သလို အစိုးရဘက်ကလည်း ဒီလို survey ကိုတော့ ခွင့်ပြုပါတယ်ဆိုတာမျိုး မပြောဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် အကောင်အထည်ဖော်ရတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် စစ်မှန်တဲ့ ခိုင်မာတဲ့ ဒီအချက်အလက်တွေ ရဖို့ကတော့ အရမ်း ခက်ခဲတဲ့ အနေအထားမျိုးရှိပါတယ်။ နောက် အတည်ပြုနိုင်ချက် ရဖို့ကလည်း အစိုးရဘက်ကရော ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကရော အတည်ပြုပေးနိုင်ဖို့ကလည်း ဒီ survey ပေါ်မှာ ရှိမှာမဟုတ်ဘူးပေါ့နော်။ လုပ်လည်းမလုပ်ပေးကြပါဘူးဆိုတော့ survey အချက်အလက်တွေကတော့ ဘယ်လောက်ပဲ ကောက်ကောက်ပေါ့နော် လူထုအခြေခံပြီး ကောက်တဲ့အတွက် လူထုအမြင်လည်းရပြီးမှ တကယ့် ဟို သုံးစွဲနေတဲ့ အဖွဲ့အစည်းတွေကနေပြီးမှ ကျနော်တို့ ဘာမှမသိရတဲ့အချိန်မှာ survey ကတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်နိုင်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ survey အချက်အလက် အများစုကတော့ ခန့်မှန်းခြေနဲ့ လုပ်ထားတဲ့ survey ပဲလို့ ပြောလို့ရပါတယ်။”

စစ်အတွင်းမှာ အသုံးပြုခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ပြန်လည် တူးဖော်ရေးကို လက်ရှိအချိန်မှာ နှစ်ဘက်အဖွဲ့အစည်းတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုမျိုးတွေ မရှိသေးသလို ဒီကိစ္စဟာ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးမှ ဆောင်ရွက်နိုင်မယ့်သဘော ဖြစ်နေတယ်လို့လည်း ကိုဘီထူးက ပြောပါတယ်။

“ကျနော်တို့ရဲ့ အတွေ့အကြုံအရဆိုရင်တော့ မြေမြှုပ်မိုင်းအပေါ်မှာတော့ လတ်တလောတော့ အဖြေတော့ မပေးနိုင်သေးဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးပြီ၊ နောက် ဒီတပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးဖြစ်ပြီဆိုရင် ဒီကိစ္စကို ထဲထဲဝင်ဝင်ပေါ့နော် ဆွေးနွေးဖြစ်ပါလိမ့်မယ်။ လတ်တလောတော့ ကျနော်ထင်တယ် အစိုးရဘက်ကရော၊ အစိုးရဘက်အနေနဲ့ကတော့ ဒီကိစ္စကိုတော့ အားပေးပြီးမှ ပါခဲ့တဲ့ကိစ္စမဟုတ်ဘူးလို့တော့ ပြောလို့ရပါတယ်ခင်ဗျ။”

၁၉၉၀ ပတ်ဝန်းကျင်လောက်က ကယားပြည်နယ်ထဲမှာ မြေမြှုပ်မိုင်းထိပြီး ဒူးခေါင်းကနေ စပြီး ခြေထောက်ဖြတ်ခဲ့ရတဲ့ ကလလတ လို့ခေါ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက တပ်စုမှူး ကိုကျော်ဝင်း ကတော့ မြေမြှုပ်မိုင်းအန္တရာယ်ကို ဘယ်သူကိုမှ ထပ်ပြီး မကြုံစေချင်ဘူးလို့ ပြောပါတယ်။

“ကျနော်ကတော့ ဂျိုင်းထောက်နဲ့ပဲ သွားလာတယ်နော့်။ ဘာလို့လဲဆိုတော့ ကျနော်တို့လိုမျိုး မခံစားဘူးတဲ့သူကို မိုင်းရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး ကျနော်တို့ ပြောပါတယ်။ နောက်ကျရင် ဒီလိုမျိုးမဖြစ်အောင်၊ ဒုက္ခမရောက်အောင် ကျနော်တို့ လိုက်တွေ့ပါတယ် အဲ့လိုမျိုး။ မိုင်းနဲ့ပတ်သက်ပြီး ဒုက္ခရောက်တဲ့သူတွေရော၊ ခံစားဖူးတဲ့သူတွေလည်း တော်တော်လေး များနေပြီ။”

တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ပွဲတွေရဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာဆိုရင် တခြားနှစ်တွေကထက် နည်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြေဆိုထားပါတယ်။

XS
SM
MD
LG