ရန်ကုန်မြို့သစ် စီမံကိန်း ဘယ်လို ဖြစ်သင့်သလဲ
အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီး အကြောင်းပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ မြို့တော်ဝန် ဦးလှမြင့်က သဝဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု လျှို့ဝှက် စီစဉ်ပြီး ဖြစ်တဲ့အကြောင်း၊ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမယ့် အဲဒီ စီမံကိန်းကို “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”က တာဝန်ယူ အကောင်အထည် ဖော်ဖို့ ရွေးချယ်ထားပြီး ဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။ ဒီ သဝဏ်လွှာတင်ပြမှုကို တိုင်းလွှတ်တော် အမတ်တွေ အံ့သြကြသလို သတင်းကိုကြားသိရတဲ့ ပြည်သူတွေလည်း အံ့သြကြပါတယ်။