[[Zawgyi/Unicode]]
မြန်မာ့အကြပ်အတည်း ဖြေရှင်းရေး၊ ဘုံသဘောတူချက်တွေ မြန်မာဘက်က လက်တွေ့လုပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းလိုက်ချိန်မှာ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့သမ္မတကလည်း ဒီမိုကရေစီအပြောင်းအလဲအတွေ့အကြုံရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးကို အမြန်စေလွှတ်ဖို့ စီစဉ်နေပါတယ်။
အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကပြောလာနေချိန်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့ဖို့ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးလွှတ်တာက အစကောင်းဖြစ်နိုင်ပါလား။
စစ်ကောင်စီအုပ်ချုပ်ရေး ၂ နှစ်အကြာမှာ တိုင်းပြည်အခြေအနေမတည်ငြိမ်သေးလို့-ဆိုတဲ့အကြောင်းပြချက်နဲ့ သက်တမ်းတိုးပြီး လူတချို့လဲတာနဲ့ စစ်အုပ်ချုပ်ရေး တိုးချလိုက်တာကလည်း အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုအပေါ် ဘယ်လို သက်ရောက်နိုင်ပါလဲ။ မြန်မာ့အရေး ပါဝင်သုံးသပ်သူတွေကို ကိုဝင်းမင်းက မေးထားပါတယ်။
အင်ဒိုနီးရှားရဲ့ချဉ်းကပ်မှုထူးခြားလာတာကို ဒေသဖွံ့ဖြိုးရေးအဓိကလုပ်နေတဲ့ မင်္ဂလာ-မြန်မာအဖွဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။
“အင်ဒိုနီးရှားက လွန်ခဲ့တဲ့သုံး-လေးလတုန်းကတော့ ဖိအားပေးမယ့်သဘောမျိုးပြောတာ တွေ့ရပါတယ်။ အခုကတော့ နောက်ဆုံးတော့ သူတို့ပြောင်းသွားတာက ဖိအားပေးတာချည့်ပဲ မဟုတ်တော့ဘဲ နည်းနည်း တဘက်နဲ့တဘက် ညှိညှိနှိုင်းနှိုင်းလုပ်ပြီးတော့ စကားပြောချင်တယ်ဆိုတဲ့သဘောကို ပြောင်းလာတာ လွန်ခဲ့တဲ့သုံး-လေးရက်က ထူးခြားတာပေါ့။ အခုကတော့ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးရေးကို နည်းနည်းပိုပြီးတော့ လုပ်မယ့်သဘောကို ပြောလာတာရှိတယ်။”
ဒီအခြေအနေအပေါ် သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကလည်း အခုလို သုံးသပ်ပါတယ်။
“အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်ယူလိုက်တဲ့အချိန်မှာ တင်းတင်းမာမာကိုင်တွယ်လိမ့်မယ်လို့ ထင်ထားတာပေါ့။ အခု သူက အထူးသံတမန်အဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်ပြီးတော့ သူ့ရဲ့ဗိုလ်ချုပ်ကြီးတယောက်ကိုစေလွှတ်ပြီးတော့ သူတို့နိုင်ငံရဲ့အတွေ့အကြုံတွေ ပြောပြပြီးတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ချဉ်းကပ်ပြောဆိုမယ်ဆိုတာရယ်၊ သူကိုယ်တိုင် လည်း လာတွေ့ဖို့ကြိုးစားအုံးမယ်။ အဲဒီထဲမှာမှအာဆီယံခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဖို့- အဲလိုလည်း စဉ်းစားထားပုံရတယ်။”
ဒါ့ပြင် အင်ဒိုနီးရှားရဲ့ အခုကြိုးပမ်းမှုအပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အခုလို ပြောပါတယ်။
“အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာ့အရေး ကြိုးစားဆောင်ရွက်ရမယ့် ဝတ္တရားလည်းရှိသွားပြီပေါ့နော်၊ အဲဒီလိုကြိုးပမ်းဆောင်ရွက်တယ်လို့ နားလည်တာပေါ့လေ။ အခု ဗိုလ်ချုပ်ကြီးတယောက်ကိုစေလွှတ်ပြီးတဲ့အခါကျတော့ ဆွေးနွေးညှိနှိုင်းကြည့်မယ်ပေါ့လေ။ ဒီလိုမျိုးကြိုးပမ်းချက်တွေက အရင်တုန်းက အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့နိုင်ငံတွေလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်ပေါ့လေ။”
ဒါပေမဲ့ အရင်အာဆီယံဥက္ကဋ္ဌတွေနဲ့မတူနိုင်တဲ့အားသာမှု အင်ဒိုနီးရှားဘက်မှာရှိနေတာနဲ့ မြန်မာဘက်မှာထူးခြားနေတာကိုပါ ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။
“မြန်မာဘက်ကလည်း စစ်သားချင်းပြောရတာကို ပိုပြီးတော့ သဘောကျဖို့ရှိပါတယ်။ ဒါပေမဲ့ အခုဟာက အင်ဒိုနီးရှားစစ်ဗိုလ်ချုပ်တွေကတော့ အားသာချက်တချို့ရှိတယ်ပေါ့။ သူတို့ကိုယ်တိုင် စစ်တပ်အုပ်ချုပ်ရေးဘက်ကနေ ဒီမိုကရေစီအပြောင်းအလဲဘက်ကို လက်တွေ့လုပ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးတွေရှိနေတယ်။ နောက် - အနောက်နိုင်ငံပေါ့၊ အင်္ဂလန်၊ ဥရောပတို့၊ အမေရိကန်တို့မှာ သင်တန်းတက်ထားတဲ့လူတွေဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုကို ၁၀၀ % နားလည်တယ်။ နိုင်ငံတကာနဲ့ ဘယ်လိုညှိနှိုင်းရမလဲ၊ လုပ်ရမလဲဆိုတာကို- မြန်မာနဲ့ချည့်ပဲမဟုတ်ဘူးပေါ့။ အနောက်နိုင်ငံတွေနဲ့ပြောတာကိုလည်း သူတို့က လုပ်နိုင်တယ်။ နောက် မြန်မာဘက်ကလည်း လက်ရှိ ဒုတိယဝန်ကြီးချုပ်နှစ်ယောက်က အင်ဒိုနီးရှားကအဖွဲ့တွေနဲ့ သေသေချာချာ ဆွေးနွေးဖူးတယ်။ ကောင်စီအတွင်းရေးမှူးကိုယ်တိုင်ကလည်း အင်ဒိုနီးရှားအထိလည်း သွားဖူးတယ်။ ဗမာပြည်မှာတုန်းကလည်း ဆွေးနွေးဖူးတယ်ဆိုတော့ လုံးဝ အစိမ်းသက်သက်ကြီးမဟုတ်ဘူး၊ ..နိုင်ငံခြားရေးဝန်ကြီး- သူက နဂိုတည်းကလည်း တပ်ထဲမှာတုန်းကရော၊ အရပ်ဘက် နယ်စပ်ဒေသဌာနမှာကော၊ သံအမတ်ကြီးဘဝမှာကော ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွလုပ်တတ်တဲ့သူမျိုးဆိုတော့ အင်ဒိုနီးရှားက အာဆီယံကလူတွေနဲ့ပိုပြီးတော့ အစပိုင်းတော့ ပိုပြီးတော့ အဆင်ပြေဖို့များတယ်။ နောက်ပိုင်းကတော့ နှစ်ဘက်ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာပေါ့လေ။”
ဒါပေမဲ့လည်း သတိထားသင့်တဲ့အချိန်ဖြစ်နေပုံကို ဦးမိုးဇော်ဦးက အခုလို ပြောပါတယ်။
“ဒီရက်ပိုင်းမှာပေါ့နော်- မာရှယ်လော ပေါ့၊ စစ်အုပ်ချုပ်ရေးဆိုပြီး တချို့မြို့နယ်တွေကို ကြေညာထားတယ်။ အဲဒီတော့ ပထမဆုံးအရေးကြီးတာက အာဆီယံနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်က ပထမဦးဆုံးအချက်အလက်ဖြစ်တယ်ပေါ့လေ။ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်များ ဆောင်ရွက်နိုင်မလဲပေါ့လေ။ အဲဒီတော့ မြန်မာစစ်တပ်က ပိုပြီးတော့တောင်မှ အကြမ်းဖက်မှုတွေကို....ပြင်ဆင်နေတဲ့အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းဆောင်ရွက်နိုင်မှုကိုလည်း စောင့်ကြည့်သွားရမှာပေါ့လေ။”
ဒါပေမဲ့လည်း အခုလိုအချိန်မှာတောင် အချိန်ကိုက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာကို ဦးရဲထွန်းက အခုလို သုံးသပ်ပါတယ်။
“ဒီနှစ်နှစ်အတွင်းမှာ သူတို့မျှော်လင့်ထားသလို NUG နဲ့ PDF တွေက တိုက်ခိုက်နေတဲ့ဟာကို တည်ငြိမ်အောင်၊ နောက် အင်အားလျော့နည်းသွားအောင် သူတို့မလုပ်နိုင်တဲ့အခါကျတော့ ရွေးကောက်ပွဲ ၆ လအတွင်း မလုပ်ပေးနိုင်တော့ဘဲနဲ့ နောက်ထပ် သက်တမ်း ၆ လ တိုးလိုက်ရတဲ့အပြင် မြို့နယ် ၄၀ နီးပါးလောက် စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အခါကျတော့ အခြေအနေတွေကို တည်ငြိမ်အောင်မထိန်းထားနိုင်ဘူးဆိုတာကိုတော့ သူတို့ တရားဝင် ဝန်ခံလိုက်သလိုတော့ ဖြစ်တာပေါ့။ အဲဒီတော့ ထပ်ပြီးတော့ နောက်ထပ် ၆ လ ထိန်းနိုင်မှာလား...။ အဲဒီတော့ အာဆီယံဥက္ကဋ္ဌဘက်ကနေပြီးတော့ ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်နားချပြီးတော့ သူတို့လက်ခံနိုင်တဲ့ဆွေးနွေးမှုမျိုး အကောင်အထည်ဖော်ပေးနိုင်တာနဲ့တပြိုင်နက်တည်းမှာ ပြည်တွင်းမှာလည်း သူ့အခြေအနေက နိုင်နိုင်နင်းနင်းမဖြေရှင်းနိုင်တော့ဘူး၊ ဖြေရှင်းဖို့သိပ်ခက်မယ်လို့ သူတို့မှတ်ယူလာတဲ့အချိန်မှာ အာဆီယံရဲ့ကြိုးပမ်းမှုက အောင်မြင်နိုင်တယ်။”
ဒီနေရာမှာ ဖြစ်လာသင့်တဲ့ရလဒ်ကိုလည်း ဦးမိုးဇော်ဦးက အခုလို ပြောပြပါတယ်။
“အာဆီယံရဲ့ဘုံသဘောတူညီချက်အကောင်အထည်ဖော်တဲ့အခါမှာ အချိန်အကန့်အသတ်နဲ့မျိုးမဟုတ်ဘဲနဲ့ ကာလတိုအတွင်းမှာ ခုန အချက်ငါးချက်ထဲက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ရလဒ်တခုကို ပြနိုင်တယ်ဆိုလို့ရှိရင်တော့ အင်မတန်ကောင်းမှာပေါ့လေ။ အဲဒီအတွက်ကိုတော့ ကျနော်တို့စောင့်ကြည့်လျက်ရှိပါတယ်။”
ဒါပေမဲ့ ဒေါက်တာဖုန်းဝင်းကတော့ အချိန်လောလွန်းတာမျိုးမဖြစ်မိအောင်လည်း ထောက်ပြပါတယ်။
“အချိန်လောကြီးပြီးတော့။ တအားဖိအားပေးပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ အခြေအနေသိပ်ထူးမှာမဟုတ်ဘူး။ ခပ်ရိုးရိုးပေါ့-ပွင့်ပွင့်လင်းလင်းပြောရင်တော့ မြန်မာဘက်လည်း နားထောင်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလုပ်မယ်လို့မျှော်လင့်ပါတယ်။”
တကယ်တော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်ထဲဝင်လာချိန်မှာ စစ်ဘောင်ကျယ်လာတာမို့ ဆွေးနွေးဖို့ စိန်ခေါ်မှုက များလာနိုင်တယ်လို့လည်း သုံးသပ်မှုတချို့က ဆိုပါတယ်ခင်ဗျား။
============
[[Unicode]]