[[Zawgyi/Unicode]]
ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်ဘက်မှာ တိုက်ပွဲတွေနားပြီး နယ်မြေတည်ငြိမ်နေတဲ့နေရာမှာ တချို့ ရွာသူရွာသားတွေ နေရပ်ကို ပြန်လာနေကြပါပြီ။ ဒါပေမဲ့ လက်နက်ကြီး တောက်လျှောက် ကျရောက် နေတာရယ်၊ မြန်မာစစ်တပ်ဘက်က စစ်ကြောင်းထိုးလို့ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်လာမလဲဆိုတာ စိုးရိမ်နေရတာကြောင့် နယ်မြေလုံခြုံရေးစိတ်မချရသေးကြောင်း ဒေသခံတွေနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရှမ်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး စစ်ရေးတင်းမားနေတဲ့ ရှမ်း-ကယားနယ်စပ်ဘက်က တချို့ ကျေးရွာမှာတော့ အခုရက်ပိုင်း တည်ငြိမ်စ ပြုလာပါတယ်။ ဖယ်ခုံမြို့နယ် အရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာ နန်းပေါ်လုံကျေးရွာ၊ ဆီးမီးလော့ကျေးရွာစတဲ့ ကျေးရွာတွေမှာ တချို့ ရွာသူရွားသားတွေ နေရပ်ပြန်လာနေကြပြီလို့ ဆီးမီးလော့ရွာခံတဦးက VOA ကို ပြောပါတယ်။
ဒါပေမဲ့ လူနေတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျပြီး ပေါက်ကွဲတတ်တာ၊ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေတာကြောင့် ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်လာမလဲဆိုတာ အဖက်ဖက်က စိုးရိမ်နေကြရတာလို့ ပြောပါတယ်။
“အရှေ့ဘက်ကမ်းမှာ ဒီနန်းပေါ်လုံရွာနဲ့ ဆောင်နန်းခဲရွာတချို့တော့ စစ်ဘေးရှောင် ပြန်လာကြပါပြီ။ ပြန်နိုင်တာက တပတ် နှစ်ပတ်လောက်ရှိသွားပြီးနော်။ အကုန်လုံးနီးပါးတော့ ပြန်လာနိုင်ကြပြီး တချို့တော့ ကျန်သေးတယ်။ တချို့တော့ ပြန်မလာနိုင်ကြသေးဘူးပေါ့နော်။ ပြန်လာတာတော့ ပြန်လာနိုင်ကြပါပြီ။ ဒါပေမဲ့ ဘယ်ရက်မှာ ပြန်ထပ်ပြေးရမလဲ မသိဘူး။ စစ်ဘေးရှောင်တွေ ဒီရွာသူရွာသားတွေတော့- ပြည်သူတွေပေါ့နော် ဒီလုံခြုံစိတ်ချရမယ့် လုံးဝမရှိပါဘူး။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးတွေက အချိန်မရွေး ကျရောက်နိုင်တယ်ပေါ့နော်၊ ကြောက်ကြောက်နဲ့ နေခဲ့ရတာပါ။ ဘယ်ရက်ဘယ်နေ့ ပြေးရမှန်းမသိဘူး။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ဖယ်ခုံမြို့နယ် အနောက်ခြမ်း လအိကျေးရွာမှာ မြန်မာစစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးတဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ သီးခြား အတည်ပြချက်တော့ မရရှိသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒေသခံတွေကတော့ ဒီလို လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်ခံနေရတဲ့အတွက် နေရပ်မပြန်ရဲတာလို့ ပြောပါတယ်။
“လက်နက်ကြီး ပစ်တဲ့ဟာကို သူ တိုက်ပွဲမရှိဘဲနဲ့ သူတို့ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေ အိုးအိမ်တွေ ပျက်စီးအောင် သူတို့ တမင်ဖန်တီးနေတာပါ။ အဲ့လိုမကြာမကြာ သူတို့ပစ်တယ်တချို့ရွာလည်း မနေရဲကြဘူးပေါ့နော်။”
ရှမ်း-ကယားနယ်စပ်ဒေသမှာ ဒီရက်တွေအတွင်း တိုက်ပွဲတွေ ကြီးကြီးမားမား မရှိပေမဲ့ မြန်မာစစ်တပ်ဘက်က နေရာအတော်များများ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အကြောင်း လူထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှုတွေ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။
“ကျနော်တို့ စစ်ရှောင်တွေ ရွာသူရွာသားတွေ သေဆုံးမှုက အခုနောက်ပိုင်းများလာတယ်။ အဓိကအကြောင်းအရင်းကတော့ ဒီလိုမျိုး စစ်ရှောင်တွေ ရှိတဲ့နေရာ ကျေးရွာထဲကို လက်နက်ကြီးတွေ ပုံမှန်ထုတဲ့အတွက်ကြောင့်မို့လို့ ထိခိုက်မှု သေဆုံးမှုက အဲ့ဒီကနေ ပိုများလာတာ ရှိပါတယ်။ အဲ့ဒါနေရထိုင်ရတာကတော့ သိတဲ့အတိုင်းပဲပေါ့နော် စိတ်မလုံမခြုံဘဲနေရတယ်။ နောက်ပြန်တယ်ဆိုတာက တချို့နည်းနည်းလေးပါပဲ။ အထူးသဖြင့် ဒီနန်းမယ်ခုံ တကြောပေါ့။ နည်းနည်းပါးပါး အဲ့ဒီကနေ ပြန်နေသူရှိတယ်ပေါ့နော်၊ ဒါပေမဲ့ သူတို့ကလည်း နေတာမှ အပြည့်နေတာမဟုတ်ဘူးပေါ့နော် တဝက်နီးပါးပဲနေတယ်။ နောက် အိမ်တွေကလည်း တချို့ ပြန်လာကြည့်တယ်။ လယ်ကလေး ယာကလေး ပြန်လာစိုက်တယ်ဆိုတာလောက်ပဲ အရင်တုန်းလိုမျိုး ပုံမှန်တော့ဘူး၊ မဟုတ်ဘူးပေါ့ဟုတ်။”
ယခု နိုဝင်ဘာလ ၁၀ ရက်အတွင်း ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းနေပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်လို့ စွပ်စွဲထားသလို ဒီအကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ ဒေသခံတွေ အများအပြား ဘေးလွတ်ရာ ထွက်ပြေးခိုလှုံရတဲ့ သတင်းတွေနဲ့အတူ လက်နက်ကြီးကျည်ကျလို့ စစ်ဘေးရှောင်တချို့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေလည်း မကြာခန ထွက်ပေါ်နေပါတယ်။
#ရှမ်းကယားနယ်စပ် #ဖယ်ခုံအရှေ့ခြမ်း #နေရပ်ပြန် #စစ်ဘေးရှောင် #နယ်မြေလုံခြုံရေး
===================
[[Unicode]]
===================