[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေတာ ၁ ပတ်ရှိနေပြီး ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျေးရွာ ၉ ရွာက နေအိမ်တော်တော်များများ မီးရှို့ခံနေရတဲ့အကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာလည်း မြန်မာစစ်တပ် နယ်မြေရှင်းလင်းနေတဲ့အချိန် ဒေသခံ PDF တွေနဲ့ စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်တာတွေရှိသလို နေအိမ်မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အတည်ပြု သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်ဆွေက တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ကို မြန်မာစစ်တပ်က နိုဝင်ဘာ ၇ ရက်က စပြီး ဒီသီတင်းပတ် တပတ်လုံး နယ်မြေရှင်းလင်းရေး ထိုစစ်ဆင်နေတဲ့အကြောင်းနဲ့ ရွာ ၉ ရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့အကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြို့နယ်အတွင်းမှာ ၇ ရက်နေ့ကနေ ၁၄ ရက်အတွင်း မီးတင်ရှို့သွားတဲ့ ကျေးရွာပေါင်းက မြောင်မြို့နယ်မှာဆို ၉ ရွာရှိတယ်။ မြောင်ထဲမှာ လက်ရှိအခြေအနေက စစ်ရေးတင်းမာမှုတွေဖြစ်နေတာ။ မနက်ခင်းမှာဆိုရင် ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပြီးပြီ။ အခုညနေပိုင်းမှာဆိုရင် သူတို့တွေနဲ့ ညီမတို့တွေနဲ့ အပြန်အလှန် စောင့်ကြည့်အခြေအနေမျိုးနဲ့ ရှိနေတဲ့ အနေအထားမျိုး။”
လက်ရှိမှာ မြန်မာစစ်တပ်ဟာ မြောင်မြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေသလို ဧရာဝတီမြစ်ထဲကပါ စစ်သင်္ဘောတွေနဲ့ စစ်အင်အားတိုးမြှင့်ချထားတဲ့အကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဝက်လက်မြို့နယ် အရှေ့ခြမ်း ထန်းကြီး၊ ပေါက်ကံ စတဲ့ ကျေးရွာတွေမှာလည်း မြန်မာစစ်တပ်ရဲ့ အင်အား ၇၀ လောက်ပါတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်း ဝင်ရောက်ပြီး ဒေသံတချို့ ဖမ်းဆီးခံရတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံ PDF ကာကွယ်ရေးတပ်ဖွဲ့ကြား နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ ထန်းကြီးရွာကို နိုဝင်ဘာ ၁၄ ရက်နေ့က မြန်မာစစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ဒါဇင်နဲ့ချီ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း PFD အဖွဲ့ဝင်တဦးက ပြောပါတယ်။
“မီးရှို့ပြီးတော့ သူတို့ ထန်းကြီးရွာကထွက်တယ်။ ထွက်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ထန်းကြီးရွာရယ်၊ ကျောင်းဖြူရွာရယ်၊ အဲ့ရွာတွေ ၃ ပွင့်ဆိုင်အလယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတယ်ပေါ့။”
ဧရာတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းနဲ့ မတ္တရာနယ်က ကျေးရွာတွေမှာ ဒေသခံ PDF တပ်တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကျေးရွာတချို့မှာလည်း မြန်မာစစ်တပ်နဲ့ PDF တပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမလုပ်ဘူးလို့ ပြောဆိုနေပေမဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်အတွင်းက ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်တဲ့ သတင်းတွေတော့ မကြာခန ထွက်ပေါ်နေပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ PDF အကြား အပြန်အလှန် စွပ်စွဲနေပြီး တိုက်ပွဲဖြစ်ပွားတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မီးလောင်ကျွမ်းတဲ့အိုးအိမ် အရေအတွက်နဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြချက် မရရှိသေးပါဘူး။
===============
[[Unicode]]