သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံမြန်မာတချို့ နေရပ်ပြန်မပို့ဖို့ မလေးရှားအစိုးရကို တိုက်တွန်း


မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ထိန်းသိမ်းရေးစခန်းထဲ ရောက်နေရာမှ နေရပြန်ပြန်ပို့ပေးရန်စီစဉ်ထားသူများ။ (ဓာတ်ပုံ-မလေးရှားမြန်မာသံရုံး/စက်တင်ဘာ ၁၃၊ ၂၀၂၂)
မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ထိန်းသိမ်းရေးစခန်းထဲ ရောက်နေရာမှ နေရပြန်ပြန်ပို့ပေးရန်စီစဉ်ထားသူများ။ (ဓာတ်ပုံ-မလေးရှားမြန်မာသံရုံး/စက်တင်ဘာ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ထိန်းသိမ်းရေးစခန်းထဲ ရောက်နေသူတွေထဲကတချို့ကို နေရပ်ပြန်ရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေပါတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်းစိစစ်အပြီး မြန်မာသံရုံးရဲ့အစီအစဉ်နဲ့ နေရပ်ကို ပြန်ပို့တာပါ။ ဒါပေမယ့်လည်း ဒီလို ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံ ပြန်မပို့သင့်ဘဲ နိုင်ငံ ရေးအရ အကာအကွယ်ပေးသင့်သူတွေ အများအပြားရှိနေတာကြောင့် သူတို့ကို နေရပ်ပြန်မပို့ဖို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက မလေးရှားအစိုးရနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရသူတွေထဲက တချို့ဟာ နိုင်ငံရေးအရ အကာအကွယ်ပေးသင့်သူတွေပါဝင်နေတာကြောင့် တချို့ကို နေရပ်ပြန်မပို့ရေး မလေးရှားအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ အရပ်ဘက်အဖွဲ့တွေအချင်းချင်း တိုင်ပင်ဆွေးနွေးနေတဲ့အကြောင်း ရခိုင်ဒုက္ခသည်များဗဟိုရဲ့ နာယကချုပ် ဦးဥတ္တရက ဗွီအိုအေကို ပြောပါတယ်။

" ကမ့်ထဲမှာထိန်းသိမ်းခံရပြီး ပြစ်မှုအားဖြင့် တချို့ကလည်း မြန်မာနိုင်ငံမှာ CDM လုပ်ခဲ့ပြီး ဒီကိုလာတဲ့အခါ အော်ပရာဇီနဲ့ပါသွားတယ်။ ရဲအဖမ်းအဆီးနဲ့ ပါသွားတယ်။ အများကြီးပါပဲ အဲဒါက။ အဲဒီတော့ ဟိုကိုဖမ်းပို့လိုက်လို့အပြင် ဦးဇင်းဆီမှာလာပြီးကျန်နေတဲ့ကလေးတွေလည်းရှိတယ်။ CDM ကလေးတွေလည်းပါတယ်။ အဲဒါကို ဦးဇင်းတို့ကနေ စဉ်းစားထားတာက အရေးကြီးတဲ့သူတွေ ပြန်မပို့ဖို့အတွက် ဒီနိုင်ငံခြားရေးရာဝန်ကြီးရယ်၊ ဒီပြည်ထဲရေးရယ် ညှိရမယ်။ အထူးသဖြင့်ဒီက NGO အဖွဲ့အစည်းရယ်၊ သူတို့ NGO အဖွဲ့ အစည်းက ခေါင်းဆောင်တွေနဲ့လည်း ဦးဇင်းတို့ ဆွေးနွေးထားတာရှိတယ်။ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲ အထူးသဖြင့်အရေးကြီးတဲ့လူတွေကို ဒီမြန်မာပြည်ကို ပြန်မပို့ဖို့အတွက် ဘာလို့ဆို သူတို့အသက်နဲ့ဆက်ယှက်ပြီးတော့ အရေးကြီးတယ်လေ ဟိုကိုပို့လိုက်လို့ရှိရင်။"

မလေးရှားရောက်လာပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာတွေက ၃-၄ လ အတွင်းမှာ ၃,၀၀၀ လောက်ရှိတယ်လို့ မြန်မာအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ အဲဒီအထဲမှာ ပြစ်ဒဏ်ကျပြီး ထိန်းသိမ်းရေးစခန်းမှာ ရောက်နေသူတွေက ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်လို့ ဆရာတော် ဦးဥတ္တရက ပြောပါတယ်။

မလေးရှားမှာ ပြစ်ဒဏ်ကျခံရပြီး ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေသူတွေထဲက ၁၅၅ ယောက် နေရပ်ပြန်ရေးအစီအစဉ်နဲ့ ဩဂုတ်လ ၁၈ ရက်က မြန်မာနိုင်ငံကို ပြန်ရောက်လာပါတယ်။ အလားတူပဲ စက်တင်ဘာ၁ရက်မှာ နောက်ထပ် ၁၀၈ ယောက်ကို နေရပ်ပြန်ရေးအစီအစဉ်နဲ့ ပြန်ပို့ခဲ့ပါတယ်။

လက်ရှိလည်း မလေးရှားနိုင်ငံအနှံ့က ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ စိစစ်နေပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ တယောက် ကတော့ ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားအများစုဟာ မလေးရှားမှာ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်တဲ့သူတွေ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" အစုံပဲ အိုဗာစတေးဖြစ်သွားတာတွေများတယ်၊ တချို့တွေက ဒီမှာ 'အို'နဲ့ (အိုဗာစတေး) နဲ့ အဆင်ပြေတယ်ဆိုပြီး မိသားစုဝင်တွေကိုလှမ်းခေါ်၊ မိသားစုဝင်တွေပါ လမ်းမှာမိတာမျိုးတွေပေါ့။ အရေအတွက်တော့သိတာပေါ့ ဘယ်နှယောက်၊ ဘယ်နှယောက်ပြန်တယ် ဒါပေမယ့် အဲဒီလူတွေက ဘယ်အချိန်ကာလက မိတယ်ဆိုတာတွေတော့ မရှိဘူး။"

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းအရဆိုရင် မလေးရှားမှာ ခိုလှုံခွင့်အတွက် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားအရေအတွက်က တသိန်း ရှစ်သောင်း ကျော်ရှိပါတယ်။ တသိန်း ငါးထောင်ကျော်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး ချင်းပြည်နယ်က တခြားပြည်နယ်က တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူတွေ ဒီထဲမှာအများအပြားဟာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ်နဲ့ မလေးရှားမှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ကြောင်းပါ ခင်ဗျား။

===========

[[Unicode]]











XS
SM
MD
LG