သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်ပြည့် ပြည်သူ့ခုခံတော်လှန်စစ်နဲ့ NUG အနာဂတ်တော်လှန်ရေးအလားအလာ


အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ

[[Zawgyi/Unicode]]

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတော်လှန်စစ်အဖြစ် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မယ့်အကြောင်း ကြေညာတာ ၁ နှစ်ပြည့်ပြီးတဲ့နောက် လာမယ့် ၁ နှစ်အတွင်း တော်လှန်ရေးအရှိန်မြှင့်တင်ပြီး နယ်မြေစိုးမိုးရေးတွေ ပေါ်ပေါက်လာမယ်လို့ ပြောပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ နေရာ တော်တော်များများ ဖြစ်ပွားနေပေမယ့် NUG ရဲ့ နယ်မြေစိုးမိုးရေးဆိုတဲ့ ပြောဆိုချက်အပေါ် အမြင်အမျိုးမျိုးရှိနေပြီး တိုးတက်မှုမရှိဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တနိုင်ငံလုံး ပြည်သူ့ခုခံစစ်တွန်းလှန်ကြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဒီကနေ့ဆိုရင် ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့နေ့မှာပဲ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နောက်လာမယ့် ပြည်သူ့ခုခံစစ် ၁ နှစ်အတွင်းမှာ နယ်မြေစိုးမိုးမှုတွေ ပိုရရှိအောင်လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။

“ရှေ့ ၁ နှစ်ဖြစ်တဲ့ ခုခံတွန်းလှန်စစ် ဒုတိယနှစ်အတွင်းမှာ လူထုရဲ့တော်လှန်ရေးကြီးကို အင်နဲ့အားနဲ့ အရှိန်အဟုန်မြှင့်တင်ပြီး စိုးမိုးထိန်းချုပ်နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။ လာမယ့် ၁ နှစ်အတွင်းမှာ ယခုထက်ပိုမိုတဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်းကြိုးပမ်းနေကြပါတယ်။”

ရှေ့လာမယ့်နှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကိုရယူဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီမိန့်ခွန်းတွေ ကြေညာချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အခုလို ပြည်သူ့ခုခံစစ် ၁ နှစ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် လက်နက်တပ်ဆင်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အားနည်းနေတာရှိသေးတယ်လို့ သုံးသပ်ပါတယ်။

“ဒီနှစ်အစပိုင်းကတော့ တိုးတက်မှုလေးတွေ မြင်ရတာပေါ့ဗျာ။ ဥပမာ စစ်ကိုင်းတိုင်းတို့ဘက်မှာ မီးကျိုးမောင်းပျက် ရရာလက်နက်နဲ့ တိုက်ခိုက်နေရာကနေပြီးတော့ ခေတ်မှီလက်နက်အချို့ရလာတာပေါ့နော်။ တိုက်ပွဲတွေဆင်နိုင်တာ နောက်တခါ လမ်းမကြီးတွေမှာ စောင့်တာ စစ်ဆေးတာ အဲ့ဒါမျိုးတွေ လုပ်လာနိုင်တယ်။ အဲ့ဒီကနေပြီးတော့ နောက်ထပ်တဆင့်တက်ပြီးတဲ့အခါကျတော့ အစိုးရတပ်ကို ရင်ဆိုင်တိုက်ခိုက်တဲ့တိုက်ပွဲတွေ ပေါ်လာတာ မတွေ့ဘူး။ ဒီနောက်ပိုင်းမှာ အခြေအနေက ဆက်လက်ပြီး တိုးတက်လာတဲ့ အနေအထား မတွေ့ရဘူး။”

အလှူငွေရရှိမှုတွေနဲ့ လက်နက်တပ်ဆင်မှုတွေမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝန်ခံထားပါတယ်။ အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေထိုးစစ်ဆင်ပြီး ဒေသခံကာကွယ်ရေးတပ်တွေကို နှိမ်နှင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒေသခံကျေးရွာအများအပြား မီးရှို့ခံရပြီး အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပြန်အလှန်စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ နယ်မြေစိုးမိုးတဲ့အခြေအနေအပေါ် သုံးသပ်ချက်တွေမှာလည်း ကွဲလွဲချက်တွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကတော့ နောက်လာမယ့် နှစ်မှာ စစ်ရေးအခြေအနေ ပိုပြီး တင်းမာလာနိုင်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့မြို့နယ်မှာတော့ တော်တော်လေးကို တိုးတက်လာတယ်။ ကျနော်တို့မြို့နယ်မှာ တော်တော် များများလည်း အဲ့အတွက် ထိုးစစ်အတွက်ပါ ပြင်ဆင်ပြီးပြီ။ NUG လမ်းညွှန်မှုနဲ့ပေါ့။ ခုခံစစ်ကနေ အရင် တုန်းက ကျနော်တို့ခံစစ်ကစားတယ်။ အခုက ထိုးစစ်ကစားတော့မယ်။ အဲ့အတွက်ကြောင့်မို့ စစ်ရေးအခြေအနေက ဒီ့ထက်ပိုပြီး တင်းမာတော့မယ်။ အဓိက က လေယာဉ်ပစ်ကို မနည်းကြိုးစားရှာနေရတယ်။ အမြန်ဆုံးစစ်ကောင်စီကို တိုက်ထုတ်နိုင်တာက လေယာဉ်ပစ်ပေါ့။”

စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၇,၀၀၀ ကျော် သေဆုံးခဲ့သလို နေအိမ်အဆောက်အဦး ၃ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အမြဲတစေ ငြင်းဆိုလေ့ရှိပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့မဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။

နိုင်ငံတကာက မြန်မာ့အရေးလေ့လာသူတွေကတော့ မိုးရာသီကုန်ဆုံးမယ့် ခြောက်သွေ့ရာသီမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပို ပြင်းထန်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ အကြပ်အတည်းတွေပိုပြီး ကြီးထွားလာနိုင်တယ်ဆိုတာကို ခန့်မှန်း သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]














XS
SM
MD
LG