[[Zawgyi/Unicode]]
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်က ဒီမော့ဆို၊ ခေါက်ပလော့ ကျေးရွာအနီးမှာ ဒေသခံကရင်နီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား မနေ့က တိုက်ပွဲငယ်ဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကယား ပြည်နယ် နယ်စပ်တွေမှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေကြတဲ့ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နေအိမ်တွေကို မပြန်နိုင်ကြသေးသလို ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့ မရှိတဲ့ အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ ကယားပြည်နယ် အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို အလိမ္မာကတင်ပြပေးထားပါတယ်။
ဒီးမော့ဆိုမြို့နယ်ဘက်မှာ မနေ့ညက လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် လူတွေ ထိတ်လန့်နေတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကြီးအသံပဲကြားရတယ်။ ၈ နာရီအချိန်လောက်မှာ ကြားရတယ်။ သုံးချက်လောက်ပဲ ကြားရတယ်။ လက်နက်ကြီးက၊ အသံတော့ အကျယ်ကြီးပဲ ကြားရတာတော့။ ကျမတို့ အိမ်ထဲမှာပဲ ပုန်းနေကြတာ။ တိုက်ပွဲရှိလား မရှိလားတော့ မသိဘူး။ လက်နက်ကြီးသံတော့ ကြားနေရတာပဲ။”
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက မနေ့က ဒီးမော့ဆို၊ ခေါက်ပလော့ကျေးရွာဘက်မှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တဲ့အကြောင်း VOA ကို ပြောပါတယ်။ တိုက်ပွဲမရှိလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒီးမော့ဆိုPDF ပြောပါတယ်။
“အဲ့နားတော့မှာ တိုက်ပွဲ ခဏခဏဖြစ်တယ်ပေါ့နော်။ အဲ့ဒီတိုက်ပွဲငယ်လေးတွေ ဖြစ်တယ်။ နောက်ပြီး ဒီ ခေါက်ပလော့ ဘုရားကျောင်းမှာ အခြေချထားတာ ၄၊ ၅ လလောက်တော့ ရှိပြီပေါ့။ အဲ့မှာလည်း ၂ ကြိမ်လောက်တော့ ဖြစ်တယ်။ ပြီးခဲ့တဲ့ ၂ ရက်က ဆက်တိုက်ဖြစ်တယ်ပေါ့။ မနေ့က အခြေအနေကျတော့ ခေါက်ပလော့မှာ နည်းနည်းဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ PDF ဘက်တော့ မပါဘူးပေါ့နော်။ (အရင်ကလို) တိုက်ပွဲကြီးကြီးမားမား အရင်က ရင်ဆိုင်တိုက်ပွဲလိုမျိုး ၂ နာရီ ၃ နာရီလို အဲ့ဒီတိုက်ပွဲသိပ်မရှိဘူးပေါ့နော်။ ကျနော်တို့ အဲ့မှာ ဝင်ပစ်တိုင်းလည်း ပြည်သူအိမ်တွေက ခဏခဏမီးလောင်တယ်လေ။ ခဏခဏအထုခံရတဲ့အတွက်ကြောင့် ကျနော်တို့ ဒီအပိုင်းကို ပြန်ပြီးတော့ စဉ်းစားလို့ပေါ့နော်။”
အခုရက်ပိုင်း ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း ကြို့ကြား ကြို့ကြား တိုက်ပွဲဖြစ်ပွဲလေ့ရှိတယ်လို့ ပြောပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အပြင်ဘက်မှာလည်း မကြာမကြာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပြီး စစ်ကောင်စီတပ်တွေ ကျေးရွာထဲမှာ တပ်စွဲထားတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ နေအိမ်မပြန်ရဲသေးဘူးလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
“အရင်တပတ်ကတော့ တိုက်ပွဲဖြစ်တာပေါ့။ ဒီမိုးဗြဲမြို့အထွက်ဘက်တွေတော့ တိုက်ပွဲတာပေါ့။ မနေ့ညနဲ့ ဒီနေ့နဲ့တော့ မကြားရသေးဘူးဗျ ငြိမ်နေတယ်ပေါ့နော်။ ဒီဝါရီဆူးပလိုင်ကနေ ထိုင်နေတဲ့ စစ်ကောင်စီတွေကကတော့ မထွက်သေးပါဘူး၊ အခုချိန်ထိ ရွာထဲမှာရှိတုန်းပါပဲ။ ကျေးရွာကလူတွေတော့ လုံးဝကို ပြန်လို့မရသေးဘူးပေါ့နော်။”
လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ကြားမှာ ကလေးတွေဖျားနာပေမဲ့ ဆေးဝါးမရှိတာကြော့င် တောထဲက ဆေးဖက်ဝင်တယ်လို့ ယူဆတဲ့ သစ်ပင်အမြစ်တွေစားပြီး ဖြစ်သလိုကုနေရတယ်လို့လည်း ဖယ်ခုံအရှေ့ ခြမ်းက စစ်ရှောင်တဦးက ပြောပြပါတယ်။
“ လက်နက်ငယ်က သိပ်မကြားဘူး။ နောက်လက်နက်ကြီးကတော့ အမြဲတမ်းကြားရတယ်။ လွယ်ပေါတို့ဘက်ကြားတယ် လက်နက်ကြီးထုတယ်။ လန့်…လန့်အောင် လုပ်လားမသိဘူး။ ကျမတို့အနေကတော့ လန့်တာပေါ့။ (နေအိမ်)မပြန်ရဲကြဘူး။ အဲ့တရက် လွယ်ပေါထုတဲ့ရက်က စားစရာမရှိဘူး။ စပါးပြန်ယူမယ်ဆိုရင်တောင် ပြန်ပြေးရတယ်တဲ့၊ တိုက်ပွဲမရှိဘူး။ ဒါပေမယ့် လက်နက်ကြီးကျတယ်။ အခုချိန်ဆို ကလေးနှားစေး ချောင်းဆိုးဆို တအားများတယ်။ တအိမ်ဆို တအိမ်လုံးဖြစ်တယ်။ ဆေးဝါးမရှိလို့မကုဘူး။ တောက အမြစ်တွေ တအားစတဲ့အမြစ်စားဆိုရင် ချောင်းဆိုးပျောက်ဆို အဲ့ဒါပဲစားတယ်။”
ရှမ်း-ကယားဘက်က စစ်ရေးအခြေအနေနဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို တိုက်ပွဲငယ်တွေအကြား ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေနဲ့ ပတ်သက်လို့လည်း သီးခြား အတည်ပြုချက် မရသေးပါဘူး။
စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းက အလှူရှင်တွေရဲ့ အထောက်အပံ့ကို အဓိက အားကိုးရပ်တည်နေရပြီး ရှေရည်အတွက် အခက်အခဲရှိတဲ့အကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။
---------------------
[[Unicode]]