[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံး၊ လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ ထောင် ၁၀ နှစ် နေပြည်တော် အထူးတရားရုံးက ပြစ်ဒဏ်ချလိုက်ပါတယ်။ ဦးအောင်နိုင်ဦးအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း စစ်ကောင်စီက စွဲချက်တင်ထားတာမို့ ထပ်ပြီး ရင်ဆိုင်ရဦးမယ်လို့ တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံး၊ လုံခြုံရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာလမှာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာတော့ ဒီအမှုအတွက် နေပြည်တော်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီဖမ်းဆီးခံရချိန်မှာ ကိုဂျင်မီရဲ့ဖုံးထဲမှာ ဦးအောင်နိုင်ဦးနဲ့ဆက်သွယ်တာ၊ အပြန်အလှန် စကားပြောဆို ထားတာတွေကြောင့် ဖမ်းဆီးခံရတာလို့လည်း နီးစပ်သူတဦးက ပြောပါတယ်။
“သူ့ကို လျို့ဝှက်အက်နဲ့ချတာ။ ၁၀ နှစ်။ ၁၀ နှစ်။ နံပါတ် ၁ က ကိုဂျင်မီဖုန်းထဲမှာ အချက်အလက်တွေ့လို့ စစွဲတာ။ သူ့ဆီမှာတော့ ဘာမှမမိဘူး။ ကိုဂျင်မီဖုန်းထဲမှာ သူ့ဟာသွားတွေ့တာ၊ အဲဒါနဲ့နွယ်ပြီး အကြမ်းဖက်နဲ့ပါထပ်စွဲတာ။ စွပ်စွဲတာမှာတော့ တပ်နဲ့နွယ်တာတွေ စကားတွေပါသွားတယ်။ ကျန်းမာရေးကောင်းပါတယ်။”
ဦးအောင်နိုင်ဦးဟာ SB - ရဲသတင်းတပ်ဖွဲ့ရဲ့ရဲမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ သမ္မတရုံးလုံးခြုံရေးဌာနညွှန်ကြားရေးမှူးအနေနဲ့ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အများစုမှာ လိုက်ပါခဲ့သူလည်းဖြစ်ပါတယ်
ဦးအောင်နိုင်ဦးကို ထောင် ၁၀ နှစ်ချတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ဟောင်းဖြစ်လို့မဟုတ်ဘဲ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖေါက်လို့ အပြစ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ နေပြည်တော် အထူးတရားရုံးမှာ အမှုစစ်ဆေးတာတွေရော စီရင်ချက်ချချိန်မှာပါ ပြင်ပလူတွေ လာရောက်ခွင့်မရှိသလို ရှေ့နေတွေကိုလည်း မီဒီယာတွေနဲ့ အမှုအကြောင်း ပြောဆိုခွင့် စစ်ကောင်စီက တားမြစ်ထားပါတယ်။ သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ သက်တော်စောင့် ဒေါ်ချယ်ရီထက်ကိုလည်း စစ်ကောင်စီက တပ်မတော်အကြည်ညိုပျက်အောင် ပြိုကွဲအောင်လုပ်ဆောင်မှုခေါ်တဲ့ ပုဒ်မ ၅၀၅-ကနဲ့ ရော ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ပါ တရားစွဲဆိုပြီး ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ချမှတ်ထားပါတယ်။
--------------------
[[Unicode]]