သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလေဆိပ်မှာ ဒေါ်လာအတုနဲ့ဖမ်းမိတဲ့ မြန်မာ ၂ ဦးကို ပြန်လွှတ်ပေး  


ဧပြီလကပြန်လွတ်လာတဲ့ မသန်းယုမေနဲ့မဖြိုးဇာ်ဝေကို မဲဆောက်ပြန်လည်ပေါင်းစည်းရေးဌာနမှာ မြန်မာသံရုံးက တွေ ဆုံခဲ့ပုံ။(ဓာတ်ပုံ- မြန်မာအလုပ်သမားသံအရာရှိရုံး)
ဧပြီလကပြန်လွတ်လာတဲ့ မသန်းယုမေနဲ့မဖြိုးဇာ်ဝေကို မဲဆောက်ပြန်လည်ပေါင်းစည်းရေးဌာနမှာ မြန်မာသံရုံးက တွေ ဆုံခဲ့ပုံ။(ဓာတ်ပုံ- မြန်မာအလုပ်သမားသံအရာရှိရုံး)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ဒေါ်လာအတုတွေသယ်လာတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးအရေးယူခံခဲ့ရတဲ့ မြန်မာ အမျိုးသမီးလေးဦးထဲက ကျန်နေတဲ့ ၂ ဦးကို ဒီနေ့ ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။ ဝေယံထူးကုမ္ပဏီက ရောက် လာတဲ့ဝန်ထမ်း ၄ ဦးဖြစ်ပြီး သူတို့သယ်လာတဲ့ လေဆိပ်အပြငွေ (Show Money) ထဲမှာ ဒေါ်လာအတုတွေပါလာတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာပါ။ ၂ ဦးကို ဧပြီလအတွင်း ဒဏ်ကြေးနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂ ဦးအပေါ် စွဲဆိုထားတဲ့ ဒေါ်လာအတု လုပ်ဆောင်တယ်ဆိုတဲ့ စွဲဆိုချက်ကိုလည်း ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက ဝင်ရောက်လာတဲ့ ဝေယံထူးကုမ္ပဏီဝန်ထမ်းလေးယာက်မှာ ကုမ္ပဏီက show money ပြဖို့ ပေးလိုက်တဲ့ ဒေါ်လာအတုတွေကြောင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားခဲ့တာပါ။ အဖမ်းခံထားရတဲ့အမျိုးသမီးတွေကတော့ မသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေနဲ့မခင်ယုမေတို့ဖြစ်ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် မသန်းယုမေနဲ့ ၂၅ နှစ်အရွယ် မဖြိုးဇာဝေတို့နှစ်ဦးကတော့ ငွေဒဏ်နဲ့ ဧပြီလက လွတ်မြောက်ခဲ့ပေမယ့် နောက် ထပ် ၂ ဦးဖြစ်တဲ့ မလင်းလင်းဝေနဲ့မခင်ယုမေတို့ကိုတော့ ဒေါ်လာအတုလုပ်မှုနဲ့တရားစွဲထားတာကြောင့် မြန်မာအလုပ်သမားသံအရာရှိနဲ့ ထိုင်းရှေ့နေ၊ မြန်မာရှေ့နေတို့က စမုပရာကန်တရားရုံးမှာ ကန့်ကွက်ခဲ့ပါတယ် ။ ဒေါ်လာအတုလုပ်တယ်ဆိုတဲ့သက်သေမခိုင်မာတဲ့အတွက် သူတို့ကိုစွဲဆိုထားတဲ့ပုဒ်မ ၂၄၀ ကို ပြန်ရုပ်သိမ်းပေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြန်မာသံရုံးကိုယ်စားပြုပြီး ဥပဒေရေးရာကိစ္စတွေကို ထိုင်းရှေ့နေနဲ့အတူ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

“ဒီကလေး၂ ယောက်က မြန်မာပြည်မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဝေယံထူးကုမ္ပဏီက ပို့လိုက်တာလို့ပြောတယ်။ သူတို့က လေယာဉ် ကွင်းကျတော့ show money ပြလို့ရှိရင် လပ်ခ်ကီးစာအိတ်ထဲက ဒေါ်လာ ၅ ရွက်ကိုပြလိုက်လို့ဆိုတယ်။ စစ်ဆေးတော့ ဒေါ်လာကိုအတု အစစ် စစ်ဆေးတော့ ဒေါ်လာအတုမှုနဲ့သူတို့တွေကို တရားစွဲဆိုတယ်။ ပုဒ်မ ၂၄၃ နဲ့ပုဒ်မ ၂၄၄ တို့က ဒေါ်လာအတု ကိုင်ဆောင်မှု၊ လက်ဝယ်တွေ့ရှိမှုတို့က ဘာမှ ပြဿနာမရှိပေမယ့် ပုဒ်မ ၂၄၀၊ ဒေါ်လာအတုလုပ်မှုကျတော့ အန်ကယ်တို့ဖြေရှင်းရတာ ကြာသွားတယ်။ ၈ ရက်နေ့ ၉ လပိုင်းကမှ အမိန့်ချလိုက်တယ်။”

သူတို့ကိုစွဲဆိုထားတဲ့ပုဒ်မတွေအရ ထောင်ဒဏ် နှစ်နှစ်ခွဲ သို့မဟုတ် ငွေဒဏ် ဘတ်ငါးသောင်းထိပေးရမှာဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်မှာ ၆ လကျော် နေထိုင်ခဲ့ရတာကြောင့် ဒဏ်ကြေးမပေးရတော့ဘဲ ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။

“အချုပ်တရက်မှာ ဘတ် ၅၀၀ နှုန်းသတ်မှတ်ပြီး ဒဏ်ငွေကလည်း ၅ သောင်းချလိုက်ပေမယ့် ပေးစရာမလိုတော့ဘူး။ အခုကတော့ နယ်စပ်ကနေ သူတို့ကိုပြန်လွှတ်ပေးလိုက်ပါပြီ။”

ပထမစွဲဆိုထားတဲ့ပုဒ်မဟာ ထောင်ဒဏ် တသက်တကျွန်းထိကျနိုင်တဲ့အတွက် သူတို့ကို မြန်မာသံရုံးက လိုက်ပါဆောင်ရွက်ကူညီပေးခဲ့တာလို့လည်းဆိုပါတယ်။ အခုချိန်ထိ သူတို့ကို ဒေါ်လာအတုပေးလိုက်တဲ့မြန်မာနိုင်ငံကကုမ္ပဏီကိုတော့ အရေးယူဆောင်ရွက်တာတွေ မတွေ့ရဘူးလို့လည်း ရှေ့နေဦးအောင်မျိုးသန့်က ပြောပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]










XS
SM
MD
LG